မော်လမြိုင်၊ ဧပြီ ၉
မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးမှာ ဧပြီလ ၉ ရက်နေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နေ့လယ် ၁ နာရီခွဲခန့်မှာ စုပေါင်းရုံး အပေါ်ထပ်အတက်လှေကားနားမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ ၂ ဦးမှာ ဦးခေါင်းနဲ့ဝမ်းဗိုက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရုံးအဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
"ဗုံးပေါက်ကွဲတာက တော်တော်ပြင်းတယ်။ မြို့လယ်လောက်ကနေတောင်ကြားရတယ်။ ဖြစ်တဲ့ ရုံးနေရာဆိုတာက လေယာဉ်ကွင်းအဟောင်းဘက်ခြမ်းလောက်မှာရှိတာ။ ရဲတပ်ဖွဲ့ဝင်ဦး ဒဏ်ရာရတယ်၊ သိပ်ပြီး မစိုးရိမ်ရဘူးလို့ ပြောတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ဗုံးပေါက်ပြီးနောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို သထုံမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပါတယ်။
ဒီဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်လဲဆိုတာ ထုတ်ပြန်တာ မရှိသေးပါဘူး။
သတင်း- သံလွင်တိုင်းမ်
No comments:
Post a Comment