ဧပြီ ၂၃ ရက်၊ ၂၀၂၂ခုနှစ်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာ ရဲစခန်းအနီးတွင် ယနေ့ ဧပြီလ ၂၃ရက်နေ့ နေ့လည် ၁နာရီဝန်းကျင်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် နယ်မြေခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားပြီး အရပ်သား ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံထံမှ သိရသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီဘက်က ပစ်ခတ်လိုက်သောလက်နက်ကြီးကျည်ကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးပြီး အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောသည်။
သူက “ စစ်တပ် လက်နက်ငယ်ထက် လက်နက်ကြီးပိုပစ်ထုတ်တယ်။ တံခွန်တိုင်ဘုန်းကြီး ကျောင်းအနီးနားအိမ်မှာ လက်နက်ကြီးကျတော့ အိမ်တစ်လုံးထိသွားတယ်။ အိမ်မှာရှိတဲ့ လင်မယားနှစ် ယောက်စလုံးထိတယ်။ သူ့အမျိုးသမီးက ပွဲချင်းပြီးသေဆုံးသွားတယ်။ သူ့အမျိုးသားကတော့ အပြင်းထန်ဒဏ်ရာရရှိပြီး ကေအဲန်ယူနယ်မြေဘက်က ဆေးရုံကို ပို့လိုက်ရတယ်လို့ကြားတယ်။ လူထုတွေက ရှောင်ရတာပေါ့။ ” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်ဘက်မှ ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိသည်ဟုလည်း ၎င်းဒေသခံက ဖြည့်စွက်ပြောဆိုသည်။
မွန်းလွဲ ၃နာရီကျော်အထိ နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ အကူလေယာဉ်များ လာရောက်ပစ်ခတ်မည့်သတင်းနှင့် စစ်ကောင်စီတပ်စစ်ကူအချို့ တက်လာသည်ဟု ပြောဆိုမှုများကြောင့် တိုက်ပွဲပိုမိုပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်ဟု သိရသည်။
၎င်းတိုက်ပွဲသည် ကျေးရွာထဲနှင့် ရွာချင်းဆက် လမ်းမကြီးပေါ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ပွဲကြောင့် မုဒုံ - ခလယ်တံခွန်တိုင်-ဝင်းရော်လမ်းမကြီး သွားလာမှုယာယီရပ်ထားလိုက်ရသည်ဟု ဒေသခံထံမှ သိရသည်။
ထို့အပြင် ယမန်နေ့ ဧပြီလ ၂၂ရက်နေ့ည ၉နာရီဝန်းကျင်တွင်လည်း အဆိုပါ တံခွန်တိုင်ရဲစခန်းအနီးနားဝန်းကျင်တွင် လက်နက်ကြီး လက်နက်ငယ်များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းရှိသေးကြောင်းလည်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့တွင်လည်း တံခွန်တိုင်ရဲစခန်းအနီးတွင် ပစ်ခတ်မှုဖြစ်ပွားမှုရှိပြီး အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက်တစ်ရက်တွင် စစ်ကောင်စီဘက်မှ တံခွန်တိုင်ရဲစခန်းအရှေ့ ညအချိန်ဖြတ်သန်းသွားလာခွင့်ကန့်သတ်လိုက်သည်ဟု သိရသည်။
Karen Information Center -KIC
No comments:
Post a Comment