ခလယ်-တံခွန်တိုင်ရဲစခန်းရှေ့ ည ၇ နာရီကျော် ဖြတ်သန်းသွားလာပါက ပစ်မည်ဟု စစ်ကောင်စီပြော

ဧပြီ ၅ ရက်၊ ၂ဝ၂၂ ခုနှစ်၊

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလယ်-တံခွန်တိုင်ရဲစခန်းရှေ့တွင် ဧပြီလ ၃ ရက်နေ့မှစပြီး ညပိုင်း ၇ နာရီကျော်မှ နံနက်မိုးလင်းအထိ ဖြတ်သန်းသွားလာခွင့် မပြုတော့သည့်အပြင် မသင်္ကာသူများ တွေ့ရှိပါကလည်းပစ်မိန့်ပေးထားသည်ဟု ဝင်းရော်ဒေသ ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။

တံခွန်တိုင်ရဲစခန်းအနီးတွင် ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့ ည ၈ နာရီအချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ၎င်းတို့၏ စခန်းလုံခြုံရေးအတွက် စခန်းရှေ့ဖြတ်သန်းသွားလာသူများကို စစ်ဆေးမေးမြန်းမှု ပိုမိုတင်းကြပ်လာပြီး ညပိုင်းသွားလာခွင့် မပြုတော့ခြင်းဖြစ်သည်ဟု ဒေသခံများ၏ အဆိုအရ သိရသည်။

ဝင်းရော်ဒေသခံ အမျိုးသမီးတစ်ဦးက “ ည ၇ နာရီကနေ မနက်မိုးလင်းအထိ ဖြတ်ခွင့်မပေးဘူး။ မသင်္ကာရင် ပစ်မယ်။ ပစ်မိန့်ရှိတယ် ပြောတယ်။ အခုကား ဆိုင်ကယ်တွေ စစ်ဆေးမှုပိုလုပ်လာကြတယ်။ ကလေးတွေ စာမေးပွဲဖြေဆိုချိန်နဲ့ဆိုတော့ စိုးရိမ်တယ်ပေါ့နော်” ဟု ကေအိုင်စီ သို့ပြောသည်။

စခန်းရှေ့ဖြတ်သန်းသွားလာမှု တားမြစ်ထားသည့်အပေါ် ရာဘာခြစ်လုပ်ငန်း လုပ်ကိုင်နေသူများနှင့် ခရီးသွားလာသူများ အခက်အခဲရှိလာပြီး ဒေသအတွင်း မတည်ငြိမ်မှုများဖြစ်လာမည်ကို စိုးရိမ်လာကြသည်ဟု ဝင်းရော်ဒေသခံများက ပြောသည်။

“ရာဘာလုပ်ငန်းက ည ၁၂ နာရီချိန်မှာ ထသွားရတာပါ။ ခုလိုညမဖြတ်သန်းရဘူးဆိုတော့ ဘယ်လိုလုပ်ရမလဲပေါ့နော်။ အခြားကားမောင်းသမားတွေပါ စားဝတ်နေရေးခက်ခဲကုန်မှာပါ။ ဒီလိုလုပ်ရင် ဒေသငြိမ်းချမ်းမှာ မဟုတ်တော့ဘူး” ဟု ဝင်းရော်ဒေသခံ နော်အယ်ဝါးက ပြောသည်။

တံခွန်တိုင်ရဲစခန်းတွင် နယ်ခြားစောင့်တပ် -BGF နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းဝင်းအတွင်း တပ်စခန်းချနေထိုင်လျက်ရှိပြီး ခရီးသွားလာသူများကို စစ်ဆေးမေးမြန်းခြင်းနှင့် စခန်းရှေ့အများပြည်သူအသုံးပြုသည့် ဝင်းရော်လမ်းမကို ည ၇ နာရီကျော် ဖြတ်သန်းသွားလာခွင့် မပြုတော့သည့်အပေါ် ဒေသအတွင်းအခြေအနေတင်းမာမှုဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေလျက်ရှိနေသည်ဟု သိရသည်။


Karen Information Center -KIC 

ခလယ်-တံခွန်တိုင်ရဲစခန်းရှေ့ ည ၇ နာရီကျော် ဖြတ်သန်းသွားလာပါက ပစ်မည်ဟု စစ်ကောင်စီပြော ခလယ်-တံခွန်တိုင်ရဲစခန်းရှေ့ ည ၇ နာရီကျော် ဖြတ်သန်းသွားလာပါက ပစ်မည်ဟု စစ်ကောင်စီပြော Reviewed by THITHTOOLWIN on 22:05 Rating: 5

No comments:

Powered by Blogger.