စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်ခွဲရှိ ထွေအုပ်ဧည့်ရိပ်သာတွင်ရှိနေသော ပျူစောထီးအဖွဲ့အား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် သေဆုံးသွားကြောင်း BLACK WOLF - PDF အဖွဲ့က သတင်းထုတ်ပြန်သည်။
မတ်လ ၃၁ ရက် ညပိုင်းက ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့နယ်ခွဲရှိ ထွေအုပ်ဧည့်ရိပ်သာအတွင်းရှိနေသော ပျူစောထီးခေါင်းဆောင်တစ်ဦးအား ဝင်ရောက်ရှင်းလင်း သုတ်သင်ရာ အနီးအနားတွင်ရှိသော ပျူစောထီးများနှင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ကြပြီးပျူခေါင်းဆောင်ဆိုသူမောင်မြင့်မှာ နေရာတွင်ပင် သေဆုံးခဲ့သည်။ကျန်ပျူစောထီးအဖွဲ့၏ ထိခိုက်မှုအခြေအနေကို မသိရကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သေဆုံးသူ ပျူစောထီးခေါင်းဆောင် မောင်မြင့်ဆိုသူသည် ရွာသစ်ကုန်းကျေးရွာမှစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်ပြီး အပြစ်မဲ့ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို များစွာ ဒုက္ခပေးနေသူဖြစ်ကြောင်းကို အဝေမတည့်သဖြင့် ပျူစောထီးတစ်ဦးက သတင်းပေးပို့လာရာ လူလွတ်ပြီးစုံစမ်းရာတွင် ထိုဖြစ်ရပ်များမှန်ကန်ကြောင်းကို ခေါင်းဆောင်များက အတည်ပြုချက်ရယူပြီးနောက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း BLACK WOLF - PDF အဖွဲ့က ပြောသည်။
"မနေ့ညက ပစ်ခတ်သံတွေကြားရတယ်။ ကျောက်မြောင်းမြို့ထဲမှာပဲဖြစ်တာ။"ဟု ဒေသခံတစ်ဦးက ပြောသည်။
အခင်းဖြစ်ရာ ကျောက်မြောင်းမြို့နယ်ခွဲသည် ရွှေဘိုမြို့နယ်အတွင်းတွင်တည်ရှိပြီး ဧရာဝတီမြစ်ကူးတံတားအနီးတွင်ရှိသည်။ ကျောက်မြောင်းတံတားပေါ်မှ အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူများအား တံတားပေါ်တွင်ဆိုင်ကယ်မောင်းနှင်ခွင့်မပေးဘဲ ခြေလျင်တွန်းကာဖြတ်သန်းခိုင်းလေ့ရှိကြောင်း ဒေသခံများက ပြောသည်။
People's Spring
No comments:
Post a Comment