ဧပြီလ ၂၇ရက်၊ ၂၀၂၂ခုနှစ်။
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF တပ်နယ်(၃) ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုဒေသ၊ ကျေးရွာများအတွင်း နေထိုင် ကြသည့် ဒေသခံလူငယ်များအား ခေါ်ယူဆောင်ကာ စစ်မက်ဖြစ်ပွားရာ ရှေ့တန်း စစ်မြေပြင်သို့ ပို့ဆောင်မှုများ ရှိနေ သည်ဟု ဒေသခံများက ပြောသည်။
ပြည်နယ်အတွင်း စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းအဖွဲ့များ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားရာတွင် စစ်ကောင်စီ အရာရှိများ၊ တပ်သားများနှင့် BGF တပ်ဖွဲ့၀င်များ အကျအဆုံးများ နေသည့်အတွက် ယခုလို ခေါ်ယူစုဆောင်းခဲ့ခြင်းဖြစ်ပြီး မလုပ်နိုင်သူအား ငွေပေး၍ လူအစားထိုး ရှာဖွေပေးရကြောင်း တိုက်ပွဲဖြစ်နေရာများသို့ BGF တပ်သားအဖြစ် ပို့ဆောင်ခံထားရသည့် ဒေသခံ မိသားစု၀င်တစ်ဦးက ပြောသည်။
သူက "အစကတော့ ရွှေကုက္ကိုကာစီနိုရုံတွေ စောင့်ခိုင်းဖို့ လုံခြုံရေးလုပ်ရမယ်ပေါ့။ တစ်လ လစာ ၂၈၀,၀၀၀ ပေးမယ် ဆိုပြီး ခေါ်တယ်။ အခုတလောက တိုက်ပွဲတွေမှာ BGF တွေ သေတာ၊ ထိတာ များလာတော့ အခု ရွာသားတွေကိုပါ လိုက်ခေါ်ပြီး BGF လုပ်ခိုင်း၊ ရှေ့တန်းပို့၊ မလုပ်နိုင်ရင် လူစားထည့်ဖို့ ပိုက်ဆံ ထိုင်းဘတ်ငွေ ၁၀,၀၀၀ ပေးရတာမျိုး လုပ် လာတယ်။ မပေးနိုင်ရင် မပေးနိုင်တဲ့သူတွေ စုပြီးမဲနိုက်ရတယ်။ မဲပေါက်ရင် ရှေ့တန်းလိုက်သွားရတယ်။ ကျမတို့ ကလေးတွေ ရှေ့တန်းခေါ်သွားခံရပြီး အဆက်အသွယ်မရတာ ၃လလောက်ရှိနေပြီ။"ဟု ပြောသည်။
လူငယ်များ BGF တပ်သားသစ်အဖြစ် စုဆောင်းခံရပြီး ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ခံရမှုကို ဖားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်ဒေသများတွင်လည်း အလားတူ ဖြစ်စဉ်မျိုး ရင်ဆိုင်ရသေးသည်ဟု BGF နှင့်နီးစပ်သည့် သတင်းအရင်းအ မြစ်များထံမှ သိရသည်။
BGF နှင့် နီးစပ်သူက "ပထမ သူတို့ကို လာဆွယ်တာကတော့ ကုမ္ပဏီတွေမှာ အလုပ်လုပ်ရမယ်ပေါ့။ ကလေးတွေက သူတို့လစာပေးပြီး စုဆောင်းတယ်။ ပထမ တစ်လနှစ်လကတော့ ကာစီနိုရုံတွေမှာ အလုပ်တွေမှာ ခိုင်းတယ်။ ပြီးရင် ရှေ့တန်းကို ပို့လိုက်တယ်။ နောက်တစ်ခုကကျတော့ လှိုင်းဘွဲမြို့နယ်က အလုပ်သွားလုပ်တဲ့ ယောက်ျားလေးတွေဆိုရင် အကုန်လုံး ရှေ့တန်း ပို့ခံရတယ်။"ဟု ပြောသည်။
လက်ရှိ KNU နယ်မြေများအတွင်း စစ်ကောင်စီတပ်များနှင့် KNLA ပူးပေါင်းတပ်များအကြား ဖြစ်ပွားသည့်တိုက်ပွဲများ တွင် BGF တပ်ဖွဲ့ဝင်များမှာ စစ်ကောင်စီတပ်ဘက်မှ စစ်ကူတိုက်ပေးလျက်ရှိသည်ဟု မြေပြင်သတင်းအရင်းအမြစ်များ အရ သိရသည်။
အဆိုပါတိုက်ပွဲတွင် BGF တပ်သားများ၊ ခေါင်းဆောင်များ သေဆုံးဒဏ်ရာရသူဦးရေ ရာနှင့်ချီရှိကာ ဖမ်းဆီးခံရသူ၊ လက် နက်ဖြင့် KNLA သို့ ဘက်ပြောင်းသွားသူနှင့် စစ်မှုမထမ်းလို၍ ထွက်ပြေးတိမ်းရှောင်သူများလည်းရှိကြောင်း သိရသည်။
ယခုကိစ္စများနှင့်ပတ်သက်၍ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် အခြေအနေကို အသေးစိတ် သိရှိရန်အတွက် BGF တာဝန်ရှိသူများကို ကြိုးစားဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မေးမြန်း၍ မရရှိသေးပေ။
Karen Information Center -KIC
No comments:
Post a Comment