Photo_KNLA |
မတ်လ ၃၁ ရက်၊ ၂ဝ၂၂ ခုနှစ်
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံတွင် ယနေ့ မတ်လ ၃၁ ရက်နေ့နံနက်က ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA တပ်မဟာ-၁ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၆ ဦး ကျဆုံးခဲ့သည်ဟု KNU ဘက်က ပြောသည်။
မုပ္ပလင်လမ်းဆုံတွင် အခြေစိုက်ထားသည့် စစ်ကောင်စီဂိတ်စခန်းရှိ တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့ ယနေ့ နံနက် ၅ နာရီအချိန်က ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၆ ဦးကျဆုံးကာ ၂ ဦးဒဏ်ရာရရှိပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ၁ ဦးကျဆုံးခဲ့သည်ဟု KNU သထုံခရိုင် တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ဒီမနက် ၅ နာရီခွဲလောက်မှာ စစ်ကောင်စီနဲ့ ကျနော်တို့ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်တယ်။ သူတို့ဘက်က ၆ ဦးသေ ၊ ၂ ဦးထိခိုက်တယ်။ ကျနော်တို့ဘက် ရဲဘော်တစ်ဦး ကျဆုံးတယ်” ဟု KNU သထုံခရိုင် တာဝန်ရှိသူက ကေအိုင်စီ သို့ပြောသည်။
မိနစ် ၄ဝ ကျော် ကြာမြင့်သည့် ၎င်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးလက်နက်ငယ်များ ရမ်းသမ်း ပစ်ခတ်မှုများလုပ်ဆောင်သည့်အတွက် ဒေသခံ ၂ ဦးလည်း ကျည်ထိမှန် ဒဏ်ရာရပြီး မုပ္ပလင်ရွာထဲသို့ စစ်တပ်က သေနတ်ပစ်ဖောက် စစ်ဆေးမှုများလည်း ပြုလုပ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင်လည်း သထုံ-ဘီးလင်းလမ်းမ ရွှေရောင်ပြကျေးရွာအနီးတွင် လမ်းမ တစ်လျှောက် ခရီးသွားပြည်သူများကို စစ်ကောင်စီတပ်က အလားတူ သေနတ်ရမ်းသမ်းပစ်ခတ်ခြင်း လုပ်ဆောင်သည့်အတွက် မောင်ကြယ်စင်မင်း အသက်(၆) နှစ်နှင့် မောင်ညီညီဇော်ထက် အသက်(၉) နှစ်တို့ ကျည်ထိမှန်သေဆုံးခဲ့ရသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။
ရန်ကုန်-မော်လမြိုင်ကားလမ်းရှိ ကျိုက်ထို၊ သိမ်ဇရပ်၊ ဘီးလင်း၊ မုပ္ပလင်ကျေးရွာရှိ လမ်းမပေါ်တွင် စစ်ကောင်စီ တပ်နှင့် တော်လှန်ရေးပူးပေါင်းတို့ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေလျက်ရှိရာ ထိုသို့ ပစ်ခတ်မှုများ ဖြစ်ပွားရာတွင် စစ်တပ်က ခရီးသွားပြည်သူများကိုပါမရှောင် ရမ်းသမ်းပစ်ခတ် လေ့ရှိကြောင်း ဒေသခံများက ပြောသည်။
Karen Information Center -KIC
No comments:
Post a Comment