ရှိန်ဂတ်ဘွမ့်တွင် KIA နှင့် PDF ရှိသည့် နေရာသို့ စစ်ကောင်စီတပ်ဖွဲ့ ဂျက်လေယာဥ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

ပုံဟောင်းအသုံးပြုထားသည်။

Mar 1,2022

ပူတာအိုမြို့နယ် တိုက်ပွဲဖြစ်ပွားနေသည့် ရှိန်ဂတ်ဘွမ့်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ် ၂စီးဖြင့် ယနေ့ညနေပိုင်း ၂နာရီခွဲဝန်းကျင်တွင် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်သွားကြောင်းသိရသည်။

ရှိန်ဂတ်ဘွမ့်အနီးရှိသော အင်စီးယန်နှင့် ဆွမ်ပီယန် ကျေးရွာ ၂ခုကြား KIA နှင့် PDF ရှိသည့်နေရာကို ဦးတည်ပြီး ၁၀ ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်သွားသည်ဟု အင်စီးယန် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

"လေယာဥ် ၂စီးက အခုဘဲလာပစ်ပြီးပြန်သွားပြီ။ သူတို့ လာပစ်သွားတဲ့နေရာက KIA နဲ့ PDF ရှိတဲ့နေရာ ဆွမ်ပီယန်နဲ့ အင်စီးယန်ရွာကြားမှာဟုတ်တယ်။ ထိခိုက်မှုတွေက မသိရဘူး"ဟု ပြောဆိုသည်။

ယနေ့နံနက်ပိုင်း ၉နာရီဝန်းကျင်တွင်လည်း ရှိန်ဂတ်ဘွမ့်အနီးတွင် စစ်ကောင်စီတပ်နှင့် KIA/PDF ပူးပေါင်းတပ်တို့ နာရီဝက်ခန့်အကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း​အင်စီးယန် ဒေသခံများပြောဆိုချက်မှသိရသည်။

လက်ရှိရှိန်ဂတ်ဘွမ့်တိုက်ပွဲ အခြေအနေမှာ ပြီးခဲ့သောရက်ပိုင်းအတွင်း ပူတာအိုမြို့ဘက်မှ ရှိန်ဂတ်ဘွမ့်ကိုစစ်ကူအဖြစ် တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်အင်အား ၁၀၀ ကျော်ခန့်ကို ဆွမ်ပီယန်နှင့် အင်စီးယန်ကျေးရွာ ၂ခုကြားတွင် KIA နှင့် PDF အဖွဲ့က ပိတ်ဆို့ထားသဖြင့် တိုက်ပွဲဖြစ်ပွားလျက်ရှိနေပါသည်။

ဖေဖော်ဝါရီ ၂၇ရက်နေ့တွင်လည်း အဆိုပါ စစ်ကူတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို အင်စီးယန်ကျေးရွာနှင့် ၁မိုင်ခန့်ရှိသော အင်ခချောင်းအနီးတွင် KIA/PDF ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးမှုရှိခဲ့ကြောင်းသိရပါသည်။

ရှိန်ဂတ်ဘွမ့်တွင် ပြီးခဲ့သော ဖေဖော်ဝါရီလဆန်းပိုင်းအတွင်းမှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲကာလ ၁လခန့်ကြာမြင့်လာသော်လည်း လက်ရှိအချိန် လက်နက်ကိုင် ၂ဖက်တပ် ဆက်လက်စစ်ရေးတင်းမာလျက်ရှိနေပါသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ၁လအတွင်း စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းလိုင်းဖြင့် ၃ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်မှုရှိခဲ့ပြီးဖြစ်သည်။

ထို့နောက် ရှိန်ဂတ်ဘွမ့်တွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က တပ်ချဝန်းရံထားသည့် စစ်အင်အား စုစုပေါင်း ၃၀၀ ဝန်းကျင်ခန့်ရှိနိုင်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ပူတာအိုမြို့နယ်အတွင်ရှိ ဖတ်မာ၊ ဆွမ်ပီယန်၊ လုန်ရှာယန်နှင့် အင်စီးယန် ကျေးရွာဒေသခံပြည်သူများ ၂၀၀၀ ဝန်းကျင်ခန့်က လက်ရှိအချိန်အထိ တောတွင်းတိမ်းရှောင်နေရဆဲဖြစ်သည်။


Kachin News Group 

ရှိန်ဂတ်ဘွမ့်တွင် KIA နှင့် PDF ရှိသည့် နေရာသို့ စစ်ကောင်စီတပ်ဖွဲ့ ဂျက်လေယာဥ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက် ရှိန်ဂတ်ဘွမ့်တွင် KIA နှင့် PDF ရှိသည့် နေရာသို့ စစ်ကောင်စီတပ်ဖွဲ့ ဂျက်လေယာဥ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက် Reviewed by THITHTOOLWIN on 22:06 Rating: 5

No comments:

Powered by Blogger.