CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အထူးကု ဆရာဝန်ကြီးတွေနဲ့ ဆေးရုံဝန်ထမ်းတွေကို မန္တလေး မန္တလာဆေးရုံက အလုပ်ဖြုတ်
မတ် - ၁၈
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၃၃)လမ်း၊ (၆၈) လမ်းနှင့် (၆၉)လမ်းကြားမှာ ရှိတဲ့ မန္တလာဆေးရုံက အချိန်ပိုင်း အထူးကု ဆရာဝန်ကြီး အယောက်(၅၀)နီးပါးနဲ့ အမြဲတမ်းဝန်ထမ်း (၁၅၀)ကျော်ကို မနေ့က အလုပ်ဖြုတ်လိုက်တယ်လို့ မန္တလေးဆရာဝန် အသိုင်းအဝိုင်းထံက သိရပါတယ်။
CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သူတွေ အလုပ်ဖြုတ်ခံရတာ ဖြစ်ပြီး CDM ပြုလုပ်ထားတဲ့ အထူးကု ဆရာဝန်ကြီးတွေနဲ့ CDM ပြုလုပ်ပြီးမှ အလုပ်ဝင်လာတဲ့ သူတွေကို မန္တလာဆေးရုံက အလုပ်ထုတ် လိုက်တာလို့ မန္တလေးမြို့ခံ ဆရာဝန်တစ်ဦးက ပြောသည်။
ပြီးခဲ့တဲ့ ၂၀၂၁ ဧပြီလအတွင်း စစ်အုပ်စုက CDM ဝန်ထမ်းတွေကို အပြင်းအထန် ဖိနှိပ်နေချိန်တုန်းကလည်း မန္တလာဆေးရုံက သူတို့ဆေးရုံမှာ CDM ဝန်ထမ်းတွေကို အလုပ်လုပ်ခွင့် မပေးတော့ဘဲ အလုပ်ဖြုတ်ခဲ့ဖူးပြီး ဒီတစ်ကြိမ်က ဒုတိယအကြိမ်အနေနဲ့ CDM တွေကို ရွေးပြီး အလုပ်ဖြုတ်တာလို့ မန္တလေး ဆရာဝန် အသိုင်းအဝိုင်းက ဆိုပါတယ်။
မန္တလာဆေးရုံမှာ အချိန်ပိုင်း ဆေးကုပေးနေတဲ့ CDM အထူးကု ဆရာဝန်ကြီး (၅၀)နီးပါးနဲ့ မန္တလာဆေးရုံမှာ အမြဲတန်းဝန်ထမ်းအဖြစ် အလုပ်လုပ်နေတဲ့ သူနာပြုကနေ လက်ထောက်ဆရာဝန် အဆင့်အထိ ဝန်ထမ်း (၁၅၀)ကျော် ၊ စုစုပေါင်း (၂၀၀)နီးပါးကို မန္တလေးဆေးရုံက အလုပ်ဖြုတ်လိုက်တာ ဖြစ်ပါတယ်။
အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မန္တလာဆေးရုံဘက်သို့ MFP အနေနဲ့ မဆက်သွယ်နိုင်သေးပါဘူး။
စစ်အုပ်စုဟာ သူတို့ကို ဆန့်ကျင်တဲ့ မန္တလေးမြို့က ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို အစဉ်တစိုက် ဖိနှိပ်နေပြီး ဆရာဝန်တွေကို ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးထောင်ချတာတွေ အပြင် ဆေးကုသခွင့်လိုင်စင်(ဆမ) ရုတ်သိမ်းဖို့အထိပါ စီစသ်နေတယ်လို့ မန္တလေးဆရာဝန် အသိုင်းအဝိုင်းက ဆိုပါတယ်။
လက်ရှိမှာ မန္တလေးမြို့ပေါ်က ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေက ဆရာဝန်၊ သူနာပြုတွေရဲ့ အမည်စာရင်းနဲ့ ဆမနံပါတ်တွေအပြင် လာရောက်ကုသတဲ့ လူနာတွေရဲ့ အချက်အလက်တွေကိုပါ စစ်အုပ်စုက တောင်းယူ စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment