မိုးဗြဲ၊ မတ်လ ၁ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ လွယ်ယင်းမင်္ဂလာရပ်ကွက်နေ ပြည်သူ ၄ ဦးအား ဖေဖော်ဝါရီလ ၂၇ နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်များ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဒေသခံပြည်သူ ၄ ဦးမှာ တိုက်ပွဲ ခေတ္တရပ်နားချိန်တွင် ၎င်းတို့၏ နေအိမ်၌ ပစ္စည်းလာရောက် ယူဆောင်စဥ် စစ်ကောင်စီတပ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
" ၂၇ ရက်နေ့ နေ့လည်ပိုင်းက မြို့ထဲ ပစ္စည်းလာယူတဲ့ ဒေသခံ ၄ ယောက် အသတ်ခံရတယ်။ တိုက်ပွဲခဏငြိမ်သွားလို့ ပစ္စည်းလာယူတာကို အကြောင်းမဲ့ ပစ်သတ်သွားတာ။ ခုမြို့ထဲမှာလည်း စစ်တပ်က တပ်စွဲထားလို့ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေ ပြန်မလာရဲကြဘူး " ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် မိုးဗြဲမြို့၊ အရှေ့ဘက်က အင်းထဲ၊ အနောက်ဘက် လွယ်ယင်းမင်္ဂလာ၊ဟိုက်ကွီ၊ တောင်ဘက် နန်းမယ်ခုံမြို့ စသည့် အရပ်မျက်နှာ ၃ ခုတွင် စစ်ကောင်စီတပ်များ တပ်စွဲထားပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့ က ဒေသခံပြည်သူ ၄ ဦး အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခံရသည့် ဖြစ်စဥ်ကြောင့် စစ်ဘေးရှောင်ပြည်သူအများစု မြို့အတွင်းသို့ ပြန်မလာရဲကြကြောင်း မိုးဗြဲမြို့က စစ်ဘေးရှောင်အရေး ကူညီပေးနေသူအချို့က ဆိုသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ KNDF၊ PDF ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဒေသခံပြည်သူအများစုမှာ ယနေ့အချိန်အထိ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း မိုးဗြဲမြို့က စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။
Ayeyarwaddy Times
No comments:
Post a Comment