စကစ နှစ်ဦး သေပြီး ဆိပ်ခွန် စခန်းမှူးကား ပျက်စီးဟုဆို၊
မတ် - ၃၁
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ထဲ ကျေးရွာတွေကို စီးနင်းပြီး မွှေနှောက်သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒီကနေ့ မတ်(၃၁)ရက်မှာ ရှေ့ထွက်မိုင်း၊ ပါဆယ်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘို ဗိုလ်မိကျောင်းနှင့် ဗိုလ်ကျားပျံအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ မတ်(၃၁)ရက်မှာ ရွှေဘိုမြို့နယ် မင်္ဂလာရွာနှင့် ဇီးကုန်းရွာကြား ဂျိုက်ကာကွင်းထိပ်မှာ မိုင်းရှင်းလင်းရေး လုပ်နေတဲ့ စစ်အုပ်စုကို အသင့်စောင့်ကြိုပြီး ရှေ့ထွက်မိုင်း နှစ်လုံး၊ ဒရုန်းအသုံးပြုပြီး ပါဆယ်မိုင်း လေးလုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာ စကစ နှစ်ဦး ပွဲချင်းပြီး သေပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရွှေဘိုနယ် ဆိပ်ခွန်ရွာထဲ စီးနင်းတပ်စွဲ သောင်းကျန်းနေပြီး လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုကိုလည်း ဒရုန်းနဲ့ လေးကြိမ် သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“ဆိပ်ခွန်ရွာ၌ တပ်စွဲထားသော စခများမှ ခရီးသွား မိဘပြည်သူများကို တားဆီးစစ်ဆေးခြင်း၊ ငွေများ တောင်းခံနေကြောင်းကို ကြားသိရ၍ Drone ဖြင့် လေးကြိမ်တိတိ သွားရောက် သတိပေးခဲ့ရာ စခန်းမှူး၏ ကားတစ်စီး ပျက်စီး၍ အထိခိုက်ဒါဏ်ရာရ (မသိရသေး)ဖြင့် တော်လှန်ရေး အင်အားစုများ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါသည်” လို့ ရွှေဘို ဗိုလ်မိကျောင်းနှင့် ဗိုလ်ကျားပျံအဖွဲ့က ဖော်ပြပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုတွေကို SNAKE EYES - PDF ၊ C&T(SHWEBO) ၊ People Defence Force - Shwebo ၊ Alpha-7 ၊ နဂါးတပ်စု ၊ ဒေါင်းမာန် နှင့် ဘိန်းဘုရင်ခွန်ဆာအဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ရွှေဘိုနယ်ထဲက ရွာတွေကို အကြမ်းဖက် စီးနင်းပြီး မွှေနှောက်လုယက်တာ၊ လူသတ်တာ၊ နေအိမ်မီးရှို့တာတွေ ကျူးလွန်နေသလို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း စစ်အုပ်စုကို ပြောက်ကျားနည်းနဲ့ ခုခံ တိုက်ခိုက်နေပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment