ဒီပဲယင်း ရဲစခန်းကို တိုက်ခိုက်မှု စကစ (၇)ဦး သေဟုဆို၊ စစ်အုပ်စုက ဒီပဲယင်းစျေးမှ ပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး သောင်းကျန်းနေ


မတ် - ၂

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ရဲစခန်းကို ယမန်နေ့ ညပိုင်းတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (LPDF) များက မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ (၇)ဦး သေကြောင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ဒီပဲယင်းဒေသ ကောင်းကင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“ခွေးခြံထဲမှ ခွေး(၇)ကောင် သေဆုံးကြောင်း သတင်းကောင်းရရှိပါသည်” ဟု ကောင်ကင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဆိုသည်။

ယမန်နှစ် ဇူလိုင်(၂)ရက်က ဖြစ်ပွားခဲ့သည့် ဒီပဲယင်းတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် ပြည်သူ့ရဲဘော်များအတွက် သွေးကြွေးဆပ်သည့် အနေဖြင့် ယမန်နေ့ မတ်လ(၁)ရက် ည(၁၀)ခန့်က ဒီပဲယင်းမြို့နယ်ရဲစခန်းကို ကောင်းကင်၊ စွယ်တော်၊ ဇာမဏီနှင့် ပျံလွှားမောင် ကာကွယ်ရေးအဖွဲ့သားများက မိုင်း(၇)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ဒီပဲယင်းမြို့နယ်အတွင်း ပထမဦးဆုံးတိုက်ပွဲဲ ဖြစ်ပွားခဲ့သည်မှာ (၈)လပင် ပြည့်သွားခဲ့ပါသည်။ ကျဆုံး သူရဲကောင်းများ အတွက် သွေးကြွေးကို မတ်လ(၁)ရက် ညတွင် ကောင်းစွာ ဆပ်နိုင်ခဲ့ပါသည်။ … ။ ကျဆုံးသွားသော သူရဲကောင်းများလည်း တမလွန်ကနေ ဂုဏ်ယူနေလိမ့်မည်ဟု ယုံကြည်ပါသည်” ဟု ဒီပဲယင်းဒေသ ကောင်းကင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖော်ပြသည်။

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ကြောက်လန့်တကြား ရမ်းသမ်းပစ်ခတ်နေသော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ယနေ့ မနက်ပိုင်းတွင် ဒီပဲယင်းမြို့အနှံ့ လမ်းသွားလမ်းလာများကို စစ်ဆေးကာ ရမ်းကားရန်ပြုနေသလို ဒီပဲယင်းစျေးထဲမှ ဒေသခံအချို့ကိုလည်း ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောသည်။

“ဒီပဲယင်းမြို့ပေါ် စခများ အင်အား (၇၀)ခန့် တောကျောင်းဘက်သို့ ဦးတည်လှုပ်ရှားလာကြောင်း ကနဦး သိရပါတယ်။ မြို့ပေါ် ဈေးထဲမှ ပြည်သူတချို့ အဖမ်းခံထားရပြီး လမ်းပြအဖြစ်၊ လူသားဒိုင်းအဖြစ် ခေါ်ဆောင်ကာ ကျေးရွာများသို့ အကြမ်းဖက် ဖျက်ဆီးမှု ပြုလုပ်လာနိုင်သည့်အတွက် ဘယ်ကျေးရွာတွေကို ဦးတည်‌မလဲဆိုတာ စောင့်ကြည့်ဖို့ လိုပါတယ်ခင်ဗျာ” ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က သတိပေးထားသည်။

လက်ရှိတွင် စစ်အုပ်စုက ဒီပဲယင်းမြို့ပေါ် သုခါရုံကျောင်းအနီး အင်တန်းလမ်းပေါ်နှင့် ပြည်တော်သာ လမ်းအထွက်တွင် လမ်းသွားလမ်းလာများကို ဆဲဆိုရန်ပြု စစ်ဆေးနေသလို  ဒီပဲယင်းမြို့ အနောက်ကျုံးဘောင်တွင်လည်း စကစအချို့ ရောက်ရှိနေသည်ဟု ဆိုသည်။

စစ်အုပ်စုက ဆက်လက် သောင်းကျန်းမည့် အခြေအနေကြောင့် လမ်းသွားလမ်းလာများ ဂရုပြုကြရန် ဒေသခံအချင်းချင်း သတိပေးလျှက် ရှိသည်။

စစ်အုပ်စုသည် ဒီပဲယင်းမြို့နယ် အပါအဝင် ရွှေဘိုခရိုင်အတွင်း ထင်တိုင်းကျဲ သောင်းကျန်းကာ လူသတ်၊ ဓားပြတိုက်လုယက်၊ နေအိမ်မီးရှို့၊ အဓမ္မပြုကျင့်၊ ဖမ်းဆီးနှိပ်စက် ငွေညှစ်ခြင်းများ ကျူးလွန်လျှက်ရှိသည်။


Mandalay Free Press - MFP

ဒီပဲယင်း ရဲစခန်းကို တိုက်ခိုက်မှု စကစ (၇)ဦး သေဟုဆို၊ စစ်အုပ်စုက ဒီပဲယင်းစျေးမှ ပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး သောင်းကျန်းနေ ဒီပဲယင်း ရဲစခန်းကို တိုက်ခိုက်မှု စကစ (၇)ဦး သေဟုဆို၊  စစ်အုပ်စုက ဒီပဲယင်းစျေးမှ ပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး သောင်းကျန်းနေ Reviewed by THITHTOOLWIN on 23:38 Rating: 5

No comments:

Powered by Blogger.