အရာတော်နယ်မှာ ကျေးလက်ဆေးဆရာကို စစ်အုပ်စုက ဖမ်းခေါ်ပြီး ရိုက်လို့ ရဲစခန်း မရောက်ခင် သေဆုံး

အရာတော်နယ်မှာ စစ်အုပ်စု သောင်းကျန်းနေပြီး ဖမ်းဆီးငွေညှစ်တာ၊ ညှဉ်းပန်းသတ်ဖြတ်တာတွေ လုပ်နေ၊

မတ် - ၁၈

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ညောင်ပင်ကန်ကျေးရွာက အသက်(၄၀)ကျော်အရွယ် အမျိုးသားတစ်ဦးကို မတ်(၁၃)ရက်မှာ စစ်အုပ်စုက ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်လို့ ရဲစခန်းမရောက်ခင် လမ်းတဝက်မှာပဲ အသက်ပါသွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အရာတော်နယ် ညောင်ပင်ကန်ရွာဟာ ပျူတွေ ကြီးစိုးနေတဲ့ ရွာဖြစ်ပြီး အဲ့ဒီရွာက အသက်(၄၀)ကျော်အရွယ် ကိုသိန်းထွန်း ဆိုသူကို ဒလန်သတင်းပေးမှုနဲ့ စစ်အုပ်စုက မတ်(၁၃)ရက်မှာ လာဖမ်းပြီး အရာတော်စခန်းကို ပို့ရာမှာ တလမ်းလုံး ရိုက်နက်နှိပ်စက်လို့ အရာတော်အရောက်မှာ သေဆုံးသွားတာလို့ အရာတော်မြို့နယ် သတင်းမှန် ပြန်ကြားရေးကလည်း ဖော်ပြပါတယ်။

"နှစ်ယောက်ဖမ်းသွားတာ တစ်ယောက်က လမ်းတဝက်ရောက်တော့ ပြန်လွှတ်လိုက်တာတဲ့။ သူ့ (ကိုသိန်းထွန်း)ကျတော့ အရာတော်ကို ပို့ပြီး အနောက်တပ်ထဲ ရောက်တော့ စစ်ဆေးရင်း သေတာလို့ ပြောတာပဲ။ တစ်လမ်းလုံးလည်း ဆော်တယ်လို့ ပြောတယ်" လို့ နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက သူတို့ ရိုက်နှက်သတ်ဖြတ်လိုက်တဲ့ ကိုသိန်းထွန်းရဲ့ ရုပ်အလောင်းကို မိသားစုကို သယ်ယူခွင့်မပြုဘဲ အရာတော်မှာ ချက်ချင်း သင်္ဂြိုဟ်ခိုင်းကြောင်းနဲ့ တကိုယ်လုံး အညိုအမဲစွဲနေတဲ့ ဒဏ်ရာတွေကြောင့် အလောင်းကို ဓာတ်ပုံတောင် ရိုက်ခွင့်မပေးဘူးလို့ ဆိုပါတယ်။

ကိုသိန်းထွန်းဟာ ကျေးရွာတွင်းက ဖျားနာသူတွေကို ကုသပေးနေတဲ့ ကျေးလက်ကျန်းမာ‌ရေး ဆေးဆရာတစ်ဦး ဖြစ်ပြီး PDF တွေနဲ့ ဆက်သွယ် ချိတ်ဆက်မှု မရှိကြောင်း၊ သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ထောက်ခံ အား‌ပေးသူ ဖြစ်‌တာကြောင့် အခုလို စစ်အုပ်စုရဲ့ ဥပဒေမဲ့ သတ်ဖြတ်တာကို ခံရတာဖြစ်မယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။ 

စစ်အုပ်စုရဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာကို ခံလိုက်ရတဲ့ ကိုသိန်းထွန်းမှာ ဇနီးဖြစ်သူနဲ့အတူ (၁၃) နှစ်အရွယ် သား‌နဲ့ (၁၀) နှစ်အရွယ် သမီးတို့ ကျန်ရစ်ခဲ့ပါတယ်။

အရာတော်နယ်မှာ စစ်အုပ်စုနဲ့ စစ်အုပ်စု လက်သပ်မွေးထားတဲ့ ပျူတွေ သောင်းကျန်းနေပြီး ပြီးခဲ့တဲ့ မတ်(၁၆)ရက်ကလည်း အရာတော်မြို့နယ် မြောက်လက် မကျီးကန်‌ကျေးရွာက လင်မယားနှစ်ဦးကို စစ်အုပ်စုက အကြောင်းမဲ့ ဖမ်းဆီသွားပြီး အခုထိ ပြန်မလွှတ်သေးဘဲ ငွေနဲ့ပြန်ရွေးခိုင်းနေတယ်လို့ သတင်းကြားရကြောင်း ဒေသခံတွေက ပြောပါတယ်။ 

အရာတော်မြို့နယ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းကတည်းက အင်တာနက် ဖြတ်တောက်ခံထားရပြီး စစ်အုပ်စုရဲ့ ထင်တိုင်းကျဲ သောင်းကျန်း ဖိနှိပ်တာကို ခံနေရတဲ့ မြို့နယ်တွေထဲက တစ်မြို့နယ် ဖြစ်ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက သူတို့အထိုင်ချတဲ့ ရွှေဘို၊ စစ်ကိုင်း၊ မုံရွာနဲ့ ကလေးမြို့တွေက လွဲလို့ စစ်ကိုင်းတိုင်းက မြို့နယ် အများအပြားကို အင်တာနက် ဖြတ်တောက်ထားပြီး ရွာတွေကို အကြမ်းဖက်စီးနင်းတာ၊ လူသတ်တာ၊ ဓားပြတိုက်လုယက်တာ၊ နေအိမ်မီးရှို့တာ၊ အဓမ္မပြုကျင့်တာ၊ ဖမ်းဆီးနှိပ်စက် ငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။


Mandalay Free Press - MFP

အရာတော်နယ်မှာ ကျေးလက်ဆေးဆရာကို စစ်အုပ်စုက ဖမ်းခေါ်ပြီး ရိုက်လို့ ရဲစခန်း မရောက်ခင် သေဆုံး အရာတော်နယ်မှာ ကျေးလက်ဆေးဆရာကို စစ်အုပ်စုက ဖမ်းခေါ်ပြီး ရိုက်လို့ ရဲစခန်း မရောက်ခင် သေဆုံး Reviewed by THITHTOOLWIN on 19:08 Rating: 5

No comments:

Powered by Blogger.