အမ်းတွင် ထုတ်ပြန်သည့် ညမထွက်ရအမိန့် ဒေသခံများမလိုလားဟုဆို


မတ် ၂ ရက်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ညမထွက်ရအမိန့် ၁၄၄ ကို မတ်လ ၂ ရက်နေ့မှ မေလ ၂ ရက်အထိ၂ လတိုးမြှင့်လိုက်သည်ဟု အမ်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

လက်ရှိအခြေအနေတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AAတို့ တိုက်ပွဲတစ်စုံတရာဖြစ်ပွါးမှုခြင်းမရှိဘဲ နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့်ဟုဆိုသည့်အကြောင်းပြချက်ဖြင့် ယခုကဲ့သို့ ထုတ်ပြန်ခြင်းအပေါ် ဒေသခံများဝေဖန်သည်။

အဆိုပါထုတ်ပြန်ချက်အပေါ်  အမ်းမြို့နယ်၊ ရှမ်းကုန်းကျေးရွာမှ ဒေသခံတစ်ဦးက စစ်ကောင်စီအနေဖြင့် ၎င်းတို့ကိုယ်တိုင်လှုပ်ရှားမှုပြုလုပ်နိုင်ရန်အတွက် ယခုလိုထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်းပြောသည်။

"အခုထုတ်တဲ့ ညမထွက်ရအမိန့်က သူတို့(စစ်ကောင်စီ)ကိုယ့်တိုင် လှုပ်ရှားလို့ရအောင်အတွက်ထုတ်တာလို့ပဲမြင်တယ်။ ဒါကပြည်သူတွေကို သက်သက်ဒုက္ခပေးနေတာ။ အမ်းမြို့နယ်မှာ ဘာတိုက်ပွဲမှလည်း မဖြစ်ဘူး။ ညမထွက်ရအမိန့်ကို ထုတ်ဖို့ကိုမလိုတာ"ဟုဆိုသည်။

ယင်းအပြင် ညမထွက်ရအမိန့်ထုတ်လိုက်ခြင်း ကြောင့် လက်လုပ်လက်စားပြည်သူများအနေဖြင့် ရှာဖွေစားသောက်ရသည့်အပိုင်းတွင် အဟန့် အတားအများကြီးဖြစ်သွားသည်ဟု အမ်းတောင်ကျေးရွာမှ ဦးကျော်မိုးက ပြောသည်။

"ဆင်းရဲသူ၊ဆင်းရဲသားတွေအနေနဲ့ ညအချိန် ငါးရှာထွက်တာတွေလုပ်လို့မရတော့ဘူး။ အချိန်အကန့်အသတ်နဲ့ထွက်ရတာဆိုတော့ ဘာမှလုပ်စား၊ ရှာစားလို့မရတော့ဘူးလေ။ ဆင်းရဲသားတွေ အများကြီးရှိပါတယ်။ သူတို့က ပိုက်ဆံတစ်ထောင်ရဖို့ ညမအိပ်ဘဲရှာကြရတယ်။ အစိုးရကလည်း ထောက်ပံ့တာမရှိဘူး”ဟုပြောသည်။

ညမထွက်ရအမိန့်မှာ ည ၉ နာရီမှ နံနက် ၅ နာရီအချိန်ဖြစ်သည်။ ညမထွက်ရအမိန့်ထုတ်ထားသည့်အတွက်ပြည်သူများမှာ ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြရသည်ဟု အမ်းမြို့နယ်တွင် လူမူကူညီရေးဆောင်ရွက်နေသူ ကိုမျိုးလွင်ကပြောသည်။

"ပြည်သူတွေက မိသားစုစားဝတ်နေရေး အတွက် အချိန်နဲ့တစ်ပြေးညီ လယ်တွေ၊ ဥယျာဉ်တွေကထွက်တဲ့ ဟင်းသီးဟင်းရွက်တွေကို မြို့ပေါ်တက်လို့ရောင်းချဖို့အပိုင်းမှာ အခက်အခဲဖြစ်သွားတာပေါ့။ အမ်းမြို့အနီးမှာက အကုန်လုံးစစ်တပ်တွေချည်းပဲ။ စစ်ဆေးရေးဂိတ်တွေလည်းတော်တော်ရှိတယ်။ဒါကြောင့် ပြည်သူတွေက တစ်ခုခုကို သွားမယ်ဆိုရင် ကြောက်နေကြရတယ်။ ညမထွက်အမိန့်နဲ့ဆိုတော့ ပိုလို့ကြောက်ကြတာပေါ့" ဟုဆိုသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က မြန်မာစစ်တပ်နှင့် AAတို့ အမ်းမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွါးစဉ်အတွင်း ညမထွက်ရအမိန့်ကို စစ်ကောင်စီက ထုတ်ပြန်လာသည်မှာ ယနေ့အချိန်အထိဖြစ်သည်။


Western News-WN


အမ်းတွင် ထုတ်ပြန်သည့် ညမထွက်ရအမိန့် ဒေသခံများမလိုလားဟုဆို အမ်းတွင် ထုတ်ပြန်သည့် ညမထွက်ရအမိန့် ဒေသခံများမလိုလားဟုဆို Reviewed by THITHTOOLWIN on 23:07 Rating: 5

No comments:

Powered by Blogger.