မော်လမြိုင်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် စစ်ကောင်စီ ရိက္ခာသယ်ဆောင်လာသော မီးရထားတစ်စီးကို သထုံဘူတာအဝင်နားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု သထုံပြည်သူ့ကာကွယ်ရေး (သထုံ PDF) တပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကို ဆက်သွယ်ပြောဆိုသည်။
“မိုင်းဆွဲလိုက်ပြီးတဲ့အချိန်မှာ ပေါက်ကွဲသံနဲ့အတူ ရထားက ရပ်သွားတယ်။ အထိအခိုက်ကိုတော့ မသိရသေးပါဘူး” ဟု ၎င်းကဆိုသည်။
မတ်လ၂ ရက်၊ နံနက်၁၀နာရီခန့်က သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေ့လည် ၁၂ နာရီခန့်တွင် သထုံ ၄၀၂ အမြောက်တပ်ရင်းကို 40 mm ဖြင့် ငါးချက် သွားရောက်ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယင်းသို့ တိုက်ခိုက်ခံရမှုများကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်ခဲ့မှုများ ရှိခဲ့သည်။
အပြန်အလှန် ပစ်ခတ်မှုများကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်ပျက်စီးမှုကို အသေးစိတ် မသိရှိရသေးဟု သထုံ PDF မှ သိရသည်။
သထုံ ၄၀၂ အမြောက်တပ်ရင်းကို ယခင်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နှစ်ကြိမ်တိုင် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ဖူးသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment