MFP ၊ မတ် - ၃၀
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကျော်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒေသခံ အမျိုးသမီး သုံးဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး အဓမ္မပြုကျင့်ခံရတဲ့ အဲဒီ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အခုလ(၁၇)ရက်က စတင်ပြီး မင်းကင်းနယ် တောင်တွင်းချောင်ဒေသ ကျော်ရွာမှာ ပျူစောထီးနဲ့ စစ်ကောင်စီ ပူးပေါင်းတပ်စွဲထားတာပါ။
စစ်အုပ်စုရဲ့ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရတဲ့ ကျော်ရွာက အမျိုးသမီးသုံးဦးအနက် အသက်(၃၀)နဲ့ (၃၅)အရွယ် နှစ်ဦးကတော့ မတ်လ(၂၇)ရက်မှာ မိမိကိုယ်ကိုကြိုးဆွဲချ အဆုံးစီရင်သွားတာလို့ မင်းကင်းနယ် တောင်တွင်းချောင်ဒေသ TD PDF တပ်ဖွဲ့ဝင်၊ ကျော်ရွာသားလည်းဖြစ်တဲ့ PDF ရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်အုပ်စုဟာ ကျော်ရွာထဲမှာ အထိုင်ချပြီး အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ အမျိုးသားတွေကို ဖမ်းဆီးနှိပ်စက်တာတွေ လုပ်နေသလို ဒေသခံတွေကို ဖုန်းလည်း သုံးခွင့်မပေးဘဲ ရွာက ထွက်ပြေးဖို့ ကြိုးစား သူတွေကိုလည်း ပစ်သတ်တာကြောင့် မတ်လ(၁၇)ရက်ကနေ ယနေ့အထိ အဓမ္မပြုကျင့်ခံရပြီး အဆုံးစီရင်သွားသူ အမျိုးသမီးသုံးဦး အပါအဝင် ကျော်ရွာမှာ ငါးဦးခန့် သတ်ဖြတ်ခံထားတယ်လို့ ဆိုပါတယ်။
မင်းကင်းနယ် ကျော်ရွာရဲ့ အခြေအနေနဲ့ပတ်သက်လို့ TD PDF တပ်ဖွဲ့ဝင်၊ ကျော်ရွာသားလည်းဖြစ်တဲ့ PDF ရဲဘော်က MFP ကို အခုလို ပြောပါတယ်။
မင်းကင်းနယ် တောင်တွင်းချောင်ဒေသမှာ ကျေးရွာပေါင်း(၃၆)ရွာရှိပြီး စစ်အုပ်စုဟာ ကျော်ရွာ၊ မြို့မ၊၊ ကုလားဆိုက် (ယာကြီး-ကလေးဝ လမ်းဖောက်လုပ်တဲ့ အိန္ဒိယကုမ္ပဏီတစ်ခုရဲ့ လုပ်ငန်းဆိုက်) နဲ့ ကြာပင်ရွာ ဆိုတဲ့ ရွာလေးရွာမှာ အင်အား(၃၀၀)ကျော်တဲ့ ဖြန့်ခွဲ တပ်စွဲထားပြီး ဒေသတွင်း မွှေနှောက်သောင်းကျန်းနေတာ ဖြစ်ပါတယ်။
စစ်အုပ်စု သောင်းကျန်းနေတဲ့အတွက် မင်းကင်းနယ် တောင်တွင်းချောင်ဒေသမှာ စစ်ကောင်စီ၊ ပျူစောထီး ပူးပေါင်းအုပ်စုနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment