ဗုံးထုခံရကာ ထိခိုက်ဒဏ်ရာရသည့် ရဲနှစ်ဦး/Photo – ပေးပို့ |
မတ် - ၂
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန် - မန္တလေး လမ်းဟောင်းနှင့် (၁၁၇)ကျန်စစ်သားလမ်းထောင့်တွင် လမ်းသွားလမ်းလာများကို ဖမ်းဆီးငွေညှစ်နေသော စစ်အုပ်စု ယနေ့ ညနေပိုင်းတွင် ဗုံးထုတိုက်ခိုက်ခံရပြီး ရဲနှစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။
ယနေ့ မတ်လ(၂)ရက် ညနေ(၄)နာရီခွဲက ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ (၁၁၇)ကျန်စစ်သား လမ်းနှင့် ရန်-မန်းလမ်းဆုံ၌ ကား၊ဆိုင်ကယ်များကို ဖမ်းဆီးငွေညှစ်နေသော စစ်အုပ်စု ဗုံးထုခံရခြင်း ဖြစ်သည်။
အဆိုပါ ဗုံးထုခံရမှုကြောင့် ပြည်ကြီးတံခွန် မြို့မရဲစခန်းမှ ရဲတပ်သားငြိမ်းချမ်းအောင်နှင့် ရဲတပ်သားချစ်ကိုကို တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး မော်တော်ယာဉ်တစ်စီးလည်း ဗုံးဆံထိမှန်ကာ ပျက်စီးမှု ရှိခဲ့သည်ဟု MFP ၏ သတင်းရင်းမြစ်များက ပြောသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီ(၂၃)ရက် ညနေပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့်ရပ်ကွက်၊ ရန်ကုန် - မန္တလေး ကားလမ်း၊ သခင်ဖိုးလှကြီးလမ်းနှင့် ရတနာပုံမီးပွိုင့် လမ်းဆုံ၌ အုပ်စုဖွဲ့၍ လမ်းသွားလမ်းလာများကို ဖမ်းဆီး ငွေညှစ်နေသော စစ်အုပ်စု ဗုံးထုတိုက်ခိုက်ခံရကာ မြို့နယ် ရဲမှူး၊ ရဲမေ၊ မီးသတ်များ အပါအဝင် (၁၀)ဦး ဒဏ်ရာရခဲ့သေးသည်။
စစ်ကောင်စီသည် မန္တလေးမြို့၌ လမ်းသွားလမ်းလာများအား ဖမ်းဆီးငွေညှစ်ခြင်း၊ ရပ်ကွက်များအား ပိတ်ဆို့ မွှေနှောက်ခြင်း၊ မြိုကခံများအား ဥပဒေမဲ့ ဖမ်းဆီးခြင်းနှင့် ဒီမိုကရေစီအရေး တောင်းဆိုသူများကို ထင်တိုင်းကျဲ ပစ်ခတ်သတ်ဖြတ် ဖိနှိပ်ခြင်းများ လုပ်ဆောင်နေသည်။ စစ်အုပ်စုက ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ် ဖိနှိပ်နေသလို တချိန်တည်းမှာပင် မန္တလေးမြို့ပေါ်ရှိ စကစနှင့် ဆက်စပ်သူများနှင့် စကစလက်အောက်ခံ ရုံး၊ဌာနများလည်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။
Mandalay Free Press - MFP
No comments:
Post a Comment