ဝက်လက် ကျောက်တိုင်ရွာကို စစ်အုပ်စုက ရဟတ်ယာဉ်လေးစီးနဲ့ ပစ်ခတ်စီးနင်း၊ ဒေသခံ လူ(၅၀)လောက်ကို အသေခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ်ထားပြီး ထင်တိုင်းကျဲ သောင်းကျန်းနေ
မတ် - ၁
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ကျောက်တိုင်ရွာကို စစ်အုပ်စုက ဒီကနေ့ မတ်လ(၁)ရက် နေ့လည်ပိုင်းမှာ ရဟတ်ယာဉ်လေးစီးနဲ့ ပစ်ခတ်စီးနင်းပြီး ကျေးရွာအတွင်း ထင်တိုင်းကျဲ သောင်းကျန်းနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
“လူငယ်တွေကို အကုန်ဖမ်းနေတာ။ ခွေးတွေက ရုတ်တရက် ဝင်လာတာဆိုတော့ ရွာထဲမှာက တော်တော်များများ ပိတ်မိနေကြတယ်။ နေ့လယ် (၂)နာရီကျော်က ရဟတ်ယာဉ် လေးစီးနဲ့ ကျွန်းလှ ဝေလမူက အပြန် ကျောက်တိုင်ရွာကို ဝင်စီးတာလို့ ကြားတယ်” ဟု ဒေသခံ တစ်ဦးက ဆိုသည်။
ဝက်လက်မြို့နယ် ကျောက်တိုင်းရွာအတွင်း စစ်အုပ်စု သောင်းကျန်းနေသည့် အခြေအနေနှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။
စစ်အုပ်စုသည် ကျောက်တိုင်ရွာ စာသင်ကျောင်းတွင် ရှိနေပြီး အရွယ်မရောက်သေးသူများ အပါအဝင် ဒေသခံ (၄၀)လောက်ကို ဖမ်းဆီးထားကာ အသေခံ လူသားဒိုင်းအဖြစ် အသုံးချနေသည်ဟု ဒေသတွင်း သတင်းများ ဖော်ပြနေသော Shwebo Daily News က ဆိုသည်။
“ကျောင်တိုင်ကျေးရွာမှ စာသင်ကျောင်းဝန်းထဲမှာ ဒေသခံ ပြည်သူ အယောက်(၄၀)ခန့်ကို စစ်ကောင်စီတပ်က ဖမ်းထားတယ်လို့ ဒေသခံပြည်သူတစ်ဦးက ပြောပြပါတယ်။ အဖမ်းခံရတဲ့ အထဲ မင်းကျီကျေးရွာမှ သုံးယောက် ပါတယ်လို့လည်း ပြောပြပါတယ်။ စစ်ကောင်စီတပ်က သူတို့တပ်စွဲထားမှာ ဖြစ်လို့ ညပိုင်း ဝင်တိုက်ခံရမှာ စိုးရိမ်လို့ လူသားဒိုင်းအဖြစ် ဓားစာခံလုပ်ဖို့ ဖမ်းဆီးထားခြင်း ဖြစ်နိုင်တယ်လို့လည်း ၎င်း ဒေသခံပြည်သူက ပြောပြပါတယ်။ ကျောက်တိုင်ရွာ အနီးရှိ မြင်းသည် ကျေးရွာခံများကတော့ တစ်ချို့တွေ တောထဲကို ထွက်ပြေး ပုန်းရှောင်နေကြကြောင်းလည်း သိရပါတယ်။ ကျောက်တိုင်ရွာသူ ရွာသားများကတော့ ထွက်ပြေး တိမ်းရှောင်ကြဖို့အချိန်မရဘဲ ပိတ်မိနေတယ်လို့ သိရပါတယ်” ဟု Shwebo Daily News က ဖော်ပြသည်။
စစ်အုပ်စုဟာ ဒီကနေ့ နေ့လယ်(၁၂)နာရီလောက်က ကျွန်းလှမြို့နယ် ဝေလမူရွာကို ရဟတ်ယာဉ်လေးစီးနဲ့ ပစ်ခတ်စီးနင်းခဲ့ပြီး အဲ့ဒီရွာထဲမှာလည်း ဒေသခံတွေကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ လက်နက်အားကိုးနဲ့ စစ်ကိုင်းတိုင်းအတွင်းက ရွာတွေကို အကြမ်းဖက် စီးနင်းပြီး ထင်တိုင်းကျဲ သောင်းကျန်းကာ လူသတ်၊ ဧားပြတိုက်လုယက်၊ အဓမ္မပြုကျင့်၊ နေအိမ်မီးရှို့တာတွေ ကျူးလွန်နေသလို အခုဆိုရင် ရဟတ်ယာဉ်တွေနဲ့ပါ ထင်တိုင်းကျဲ စီးနင်းပစ်ခတ်နေတာ ဖြစ်ပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment