မဲခေါင်၊ မတ် ၁၈
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ယနေ့၊ နံနက်အစောပိုင်းအချိန်က ဒလန်ဟု နာမည်ကြီးသူတစ်ဦး၏ နေအိမ်ဗုံးပစ်ခံရပြီး ရွာသား ၃ ဦးကို စစ်တပ်ကဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ရွာငံမြို့နယ်၊ နန်းခုံကျေးရွာအုပ်စု၊ ပဲယင်းတောင်ရွာနေ ဒလန်ဦးစိုးမြင့်၏ နေအိမ်ကို ယနေ့နံနက် ၃ နာရီဝန်းကျင်အချိန်ခန့်က ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံလိုက်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"ဗုံးပစ်ထည့်ခံလိုက်ရတော့ အဆောက်အဦနည်းနည်းပျက်စီးသွားတယ်။ လူတော့ မထိဘူး။ ပြီးတော့ သူက စစ်တပ်ကို ရွာထဲခေါ်လိုက်တာ။ အပြစ်မဲ့တဲ့ ရွာထဲက လူငယ် ၃ ဦးကို ဖမ်းသွားတယ်။ အရပ်ဝတ်တွေနဲ့ ရောက်လာပြီး အိမ်စီးကားနဲ့ ဖမ်းသွားတာ" ဟု ၎င်းက ပြောသည်။
အဆိုပါဗုံးပစ်ထည့်ခံရသည့် နေအိမ်ပိုင်ရှင် ဒလန်ဦးစိုးမြင့်ကြောင့် ယခင်ကလည်း လူငယ်အချို့ဖမ်းဆီးခံခဲ့ရဖူးပြီး ရွာ၏နာမည်ကြီး စစ်တပ်ထောက်ခံသူဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဗုံးပစ်ထည့်သည့် ဖြစ်စဉ်နှင့် ပါတ်သက်ပြီး မည်သည့်အဖွဲ့မှ လုပ်ဆောင်သည်ဟု မသိရသေးသလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမရှိသေးချေ။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment