စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း သောင်းကျန်းနေသော စကစများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဉ်/Photo - S |
ဖေဖေါ်ဝါရီ - ၂၈
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နှင့် အရာတော်မြို့နယ်တွင် ယနေ့ မနက်ပိုင်းက စစ်အုပ်စုကို နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ဒု-အရာခံဗိုလ်အဆင့်နှင့် တပ်ကြပ်အဆင့် အပါအဝင် စကစ (၇)ဦး သေကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ - တပ်ရင်း(၁)က သတင်းထုတ်ပြန်သည်။
ယနေ့ ဖေဖေါ်ဝါရီ(၂၈)ရက် မနက်(၉)နာရီခွဲက အရာတော်မြို့နယ် ကူးတို့ကိုင်းရွာနှင့် ဇရစ်ရွာကြားတွင် ဆီကားဖြင့် လိုက်ပါလာသည့် အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်များကို ဆီကားပေါ်မှ အဆင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ (၄)ဦး သေသည်ဟု ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ - တပ်ရင်း(၁)က ဖော်ပြသည်။
ထို့နောက် မနက်(၁၁)နာရီခန့်တွင် ဝက်လက်မြို့နယ် ရွှေပန်းကုံးရွာနှင့် သမ္မာရိုးရွာကြားတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်များနှင့် ရွှေပန်းကုံးရွာဘက်မှ ဆိုင်ကယ် (၃)စီးဖြင့်လာသော အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင် (၅)ဦးကို ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ - တပ်ရင်း(၁)က ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ ဘက်မှ ဒုအရာခံဗိုလ် တစ်ဦး၊ တပ်ကြပ်အဆင့်တစ်ဦးနှင့် တပ်သား တစ်ဦးသေ၊ (၄)ဦး အပြင်းအထန် ဒဏ်ရာရရှိပြီး ပြည်သူ့ကာကွယ်ရေး တပ်သားများ အထိအခိုက် ကျဆုံး မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း တိုက်ပွဲသတင်း ထုတ်ပြန်လိုက်သည်” ဟု ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ - တပ်ရင်း(၁)က ဖော်ပြသည်။
အဆိုပါ ရွှေပန်းကုံးရွာအနီး မိုင်းဆွဲတိုက်ခိုက်မှုတွင် ကင်းပန်းဝပ်နေသော စစ်အုပ်စုက ရမ်းကားပစ်ခတ်မှုများ ရှိခဲ့သော်လည်း ပြည်သူ့ရဲဘော်များ အထိအခိုက် မရှိဟု ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီက ဝက်လက်မြို့နယ်အတွင်း လမ်းပိုင်းများဖြစ်သော ရွှေဘို - ဝက်လက်လမ်း၊ ရွှေဘို - အရာတော် - မုံရွာလမ်း၊ စစ်ကိုင်း - ရွှေဘိုလမ်းနှင့် စစ်ကိုင်း - မုံရွာ ကားလမ်းများတလျှောက် ကင်းပုန်းများ ချထားလေ့ရှိကာ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျှက် ရှိသည်။
စစ်အုပ်စုသည် ဝက်လက်နယ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသတ်၊ ဓားပြတိုက်လုယက်၊ နေအိမ်မီးရှို့၊ ဒေသခံအရပ်သားပြည်သူများအား အသေခံလူသားဒိုင်းအဖြစ် အသုံးချကာ ဖမ်းဆီးနှိပ်စက် အနိုင်ကျင့်ခြင်းများလည်း ထင်တိုင်းကျဲ ကျူးလွန်လျှက် ရှိသည်။
Mandalay Free Press - MFP
No comments:
Post a Comment