We Love Kyaukse တည်ထောင်သူ ကိုဖြိုးသီဟဇင်ကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းကို လမ်းဘေးတွင် စွန့်ပစ်
ကျောက်ဆည်၊ ဖေဖော်ဝါရီ ၅ ရက်
We love Kyaukse တည်ထောင်သူ ကိုဖြိုးသီဟဇင်သည် မနေ့က ညပိုင်းတွင် စစ်ကာင်စီတပ်များ၏ ဖမ်းဆီးခဲ့မှုကိုခံခဲ့ရပြီး ဒီကနေ့နံနက်ပိုင်းတွင် ၎င်း၏သေဆုံးနေသောရုပ်လောင်းကို မြို့ရှောင်လမ်းဘေးတွင် တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။
ကိုဖြိုးသီဟဇင်အလောင်းကို ကျောက်ဆည်မြို့ရှောင်လမ်းတစ်နေရာတွင် တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး အလောင်းတွင် နှိပ်စက်ခံထားရသည့် ဒဏ်ရာများတွေ့ရှိရကြောင်းမျက်မြင်တစ်ဦးက ဧရာဝတီတိုင်းမ်းသို့ပြောသည်။
“မနေ့ကစစ်တပ်က သူ့ကိုလာဖမ်းသွားတယ်။ဖမ်းသွားပြီးတဲ့နောက်မှာ သူ့ကိုသတ်ထားခဲ့ပြီး မြို့ရှောင်လမ်းမှာပစ်သွားခဲ့ကိုတွေ့ရှိခဲ့ရတာပါ။” ဟုကျောက်ဆည်ဒေသခံသတင်းရင်းမြစ်တစ်ဦးကဆိုသည်။
ကိုဖြိုးသီဇော်သည် အာဏာသိမ်းမှုများဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီတပ်များ၏ရှာဖွေခြင်းခံရသဖြင့် ၂လနီးပါးတိမ်းရှောင်နေခဲ့သည်။ ထို့နောက်တွင် ခံဝန်ထိုး၍ နေအိမ်၌ နေထိုင်သူတစ်ဦးဖြစ်သည်ဟုသိရသည်။
ထိုသို့ခံဝန်ထိုးထားသည့် ကိုဖြိုးသီဟဇင်ကို စစ်ကောင်စီတပ်များက ဖေဖော်ဝါရီလ ၄ရက်နေ့ ညပိုင်းတွင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး မည်သည့်နေရာသို့မျှပို့ဆောင်ခြင်းမပြုပဲ လမ်းတွင် ရိုက်နှက်ရ သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ကိုဖြိုးသီဟဇင်သည် စစ်ကောင်စီ ၏ ဝါဒဖြန့်လုပ်ငန်းများကို တစိုက်မတ်မတ်ပြုလုပ်ပေးနေသည့် သဇင်ဦးဆိုသူနှင့် မကြာခဏ အွန်လိုင်းတွင် ပြဿနာဖြစ်ပွားဖူးပြီး ၎င်းသတ်ဖြတ်ခံရခြင်းမှာ သဇင်ဦး၏လက်ချက်မကင်းနိုင်ကြောင်းကျောက်ဆည်ခရိုင် မဟာတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
“သူကသဇင်ဦးနဲ့လည်း မကြာခဏအွန်လိုင်းမှာပြဿနာတက်တာကိုသတိထားမိတယ်။အဲ့တော့ အဲ့တာတွေနဲ့လည်းဆိုင်မယ်လို့ထင်တယ်။ ဘာလို့ဆို့ သူ(သဇင်ဦး) နဲ့ရပ်ကွက်တူတဲ့ကောင်မလေးလည် သူနဲ့ပြဿနာတက်ပြီး ဖမ်းခံရတယ်။ အဲ့တော့ သူစနက်တွေလို့ပြောလို့ရတယ်။ သူကလည်း အခုကျောက်ဆည်ပြန်ရောက်နေပြီလေ” ဟု၎င်းကဆိုသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်များသည် ၎င်းတို့ကိုထောက်ခံခြင်းမရှိသည့် ပြည်သူများကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးမှုများပြုလုပ်လျက်ရှိနေပြီး သတ်ဖြတ်မှုများကို လွယ်လင့်တကူကျူးလွန်လျက်ရှိနေသည်။
ပြီးခဲ့သည့် ၂၀၂၁ခုနှစ် စစ်တပ်မှအာဏာသိမ်းယူပြီးသည့် အချိန်မှစ၍၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံတွင် စစ်တပ်၏တရားမဲ့သတ်ဖြတ်မှုများကြောင့် ပြည်သူပေါင်း၁၅၁၉ ဦးသေဆုံးခဲ့ရကြောင်းနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှသတင်းထုတ်ပြန်ထားသည်။
Ayeyarwaddy Times
No comments:
Post a Comment