ကျောက်ဂူအနီးတိုက်ပွဲ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ရေရာစွာမသိရသေးကြောင်း RCSS တုံ့ပြန်၊ တိုက်ပွဲအခြေအနေ တင်းမာနေဆဲဟုဆို


မဲခေါင်၊ ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်အခြေစိုက် လက်နက်ကိုင်များကြား ဖြစ်ပွားနေသည့် ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်အနီးတဝိုက် တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီဘက်မှ တိုက်လေယာဉ်ဖြင့် ဝင်ရောက်ဗုံးကျဲတိုက်ခိုက်မှုအပေါ် ရေရာစွာ မသိရသေးကြောင်း RCSS ဘက်က ဖေဖော်ဝါရီလ ၁၀ရက်က တုံ့ပြန်ပြောဆိုသည်။

ဖေဖော်ဝါရီလ ၉ ရက်က ကျောက်ဂူတိုက်နယ်အနီးဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတိုက်လေယာဉ်များ လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းအပေါ် တိုင်းရင်းသား တပ်ဖွဲ့များ အပြန်အလှန် စွပ်စွဲနေချိန်တွင် RCSS ဘက်မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး အွမ်ခေးက တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

“အဲဒီသတင်းက တိတိကျကျကမသိရသေးဘူး။ အဲဒါကြောင့် ပြောစရာမရှိသေးဘူး” ဟု ၎င်းက ပြောသည်။

SSPP ဘက်ကမူ RCSS တပ်ဖွဲ့များ ရှမ်းပြည်နယ်တောင်ပိုင်းသို့ ပြန်လည်ဆုတ်ခွာရာ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်အနီး ပိတ်မိနေချိန်၌ စစ်ကောင်စီဘက်မှ တိုက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်သွားခြင်း ဖြစ်ကြောင်း မဲခေါင်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းပစ်ကူဝင်ရောက်ပစ်ခတ်မှုကြောင့် SSPP ဘက်မှ တပ်သား ၂ ဦး ဒဏ်ရာရရှိသွားကြောင်း SSPP ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

လေကြောင်းပစ်ကူတိုက်ခိုက်မှုကြောင့် RCSSနှင့် စစ်ကောင်စီကြား ပူးပေါင်းမှုမှာ ကောလာဟလ မဟုတ်တော့ဟု ယူဆရမည်ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုသည်။

SSPP ဘက်မှ “ဝ” တပ်ဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ ဝင်ရောက်တိုက်နေသည် ဆိုသည့် သတင်းများနှင့် ပတ်သက်ပြီး ဗိုလ်မှူးစိုင်းဖုန်းဟန်က ငြင်းဆန်ခြင်းမရှိဘဲ မြောက်ပိုင်းတပ်ဖွဲ့များအနေဖြင့် အေးအတူ၊ ပူအမျှ သဘောထားရှိကြောင်း ဖြေဆိုသွားသည်။

တိုက်ပွဲမှာ ဆက်လက်တင်းမာနေဆဲ ဖြစ်ကြောင်း RCSS ဘက်မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး အွမ်ခေးက ပြောသည်။

အဓိက တိုက်ပွဲဖြစ်ပွားနေသည့် ရှမ်းလက်နက်ကိုင် ၂ဖွဲ့ဖြစ်သည့် RCSS နှင့် SSPP ၂ဖွဲ့စလုံးကမူ တွေ့ဆုံဆွေးနွေးရေးကို လိုလားကြောင်း မဲခေါင်သတင်းဌာနသို့ ပြောသည်။


MeKong News - မဲခေါင်သတင်း

ကျောက်ဂူအနီးတိုက်ပွဲ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ရေရာစွာမသိရသေးကြောင်း RCSS တုံ့ပြန်၊ တိုက်ပွဲအခြေအနေ တင်းမာနေဆဲဟုဆို ကျောက်ဂူအနီးတိုက်ပွဲ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ရေရာစွာမသိရသေးကြောင်း RCSS တုံ့ပြန်၊ တိုက်ပွဲအခြေအနေ တင်းမာနေဆဲဟုဆို Reviewed by THITHTOOLWIN on 21:03 Rating: 5

No comments:

Powered by Blogger.