ဓာတ်ပုံ _ CJ (ကျောက်ဂူတိုက်နယ်ထဲက စစ်ကောင်စီတပ်သားများ) |
ဖေဖော်ဝါရီလ ၁၂ ရက်၊ ရပ်စောက်
ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာအုပ်စု ဖေဖော်ရီလ ၉ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ RCSS/SSA နဲ့ SSPP/SSAတို့ ပြင်းထန်တဲ့တိုက်ပွဲကြောင့် အုန်းကျော်ကျေးရွာက ရွာခံတွေ လက်နက်ထိမှန်ပြီး ၁ ဦးသေဆုံးကာ ၃ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။
တိုက်ပွဲကြားညှပ်သွားရာကနေ လက်နက်တွေထိမှန်ခဲ့တာကြောင့် အသက် (၄၇)အရွယ် ဒေါ်အေးမူးက ပွဲခြင်းပြီး သေဆုံးသွားခဲ့ပြီး ကျန် ၃ ဦးဖြစ်တဲ့ ၄၇ နှစ်အရွယ် ဦးအိုက်ခေါင်၊ (၁၉)နှစ်အရွယ် ကိုအောင်မိုးနဲ့ (၃၈)နှစ်အရွယ်ရှိတဲ့ ဒေါ်အေးစီတို့ကတော့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
အုန်းကျော် ရွာခံတစ်ဦးက "သူတို့က ကျောက်ဂူအရှေ့ဘက်ခြမ်းမှာ အငှားလိုက်အလုပ်သွားလုပ်တာ။ အဲနေ့က တိုက်ပွဲဖြစ်တော့ သူတို့လည်း ကြောက်ကြောက်နဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘူး။ ကြုံလည်းမကြုံဖူးကြဘူးဆိုတော့ ဆိုင်ကယ်နဲ့ ပြန်လာကြတာ။ အဲချိန်က လက်နက်ကြီးထိတာလား။ မိုင်းထိတာလား။ သေနတ်လား သေချာမသိဘူးတဲ့။ အဲချိန်က မီးခိုးတွေ အများကြီးထွက်တယ်တဲ့။ သူတို့ခြေထောက်တွေ ကျောတွေမှာ ထိသွားတာ။ သေသွားတဲ့တစ်ယောက်ဆို ညာခြေထောက်ပါ ပြတ်ထွက်သွားတာ"လို့ ရွှေဖီမြေကို ပြောပါတယ်။
ဒဏ်ရာရရှိတဲ့ သူတွေကိုတော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ဆေးကုသပေးသလို သေဆုံးသွားသူ ရက်လည်အတွက် ငွေ ၁ သိန်းခွဲနဲ့ ဒဏ်ရာရသူတွေအတွက် ဆေးဖိုးဝါးခအပါအဝင် သုံးသိန်းကျော် ကူပေးခဲ့တယ်လို့လည်း အဲဒီရွာခံတွေက ဆိုပါတယ်။
လက်ရှိမှာ SSPPတပ်ဖွဲ့က နောင်ဝိုးကျေးရွာဘက်ကို သွားနေပြီး ကျောက်ဂူထဲကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက် နေရာယူထားကြပါတယ်။
“ကျောက်ဂူမှာက အရင်ကတည်းက စစ်တပ်စခန်းတော့ရှိတယ်။ စစ်သားတွေတော့ မရှိဘူး။ အခုမှ သူတို့ပြန်ရောက်လာကြတာ။ အခုဆို သူတို့ စစ်ဆေးရေးတွေ လုပ်နေတယ်”လို့ ကျောက်ဂူဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲပြင်းထန်တာကြောင့် ကျောက်မဲကနေ ရပ်စောက်မြို့ ကျိုင်းခမ်းဘက်ကို ပြောင်းရွေ့နေထိုင်ခဲ့တဲ့ တိုက်ပွဲရှောင် (၆ဝဝ)နီးပါးဟာလည်း မိုင်းပျဉ်းအုပ်စုထဲက ကြည်တော်ဖုန်းကြီးကျောင်းကို ပြောင်းရွှေ့နေထိုင်ခဲ့ရသလို ကျောက်ဂူတိုက်နယ်ထဲက ဒေသခံတွေလည်း မြို့ပေါ်ကို တိမ်းရှောင်ခဲ့ရပါတယ်။
ရပ်စောက်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်လည်း အချို့ နေရပ်ပြန်ကြပြီး အများစုကတော့ မပြန်နိုင်ကြသေးပါဘူး။
Shwe Phee Myay News Agency
No comments:
Post a Comment