ဓာတ်ပုံ - MPA |
တနင်္သာရီတိုင်းမ်၊ ဖေဖော်ဝါရီ ၃
မြိတ်ခရိုင်၊ ပုလောမြို့နယ်က KNU ဧရိယာမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အဖမ်းခံခဲ့ရတဲ့PDF ရဲဘော်တစ်ဦးကို စစ်တပ်ဘက်က အနီးကသတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက်က KNU ဧရိယာမှာပါဝင်တဲ့ ဆားခဲကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေနဲ့ KNU၊ PDF၊ PRDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ပုလောဒေသကာကွယ်ရေးအဖွဲ့ (PRDF) တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ညနေပိုင်းမှာ စစ်ကောင်စီဘက်က အနီးကပ်သတ်ခဲ့တဲ့ PDF ရဲဘော်တစ်ယောက်ရဲ့အလောင်းကိုတွေ့ရှိခဲ့ရတယ်လို့ PRDF တာဝန်ရှိသူက ဆိုပါတယ်။
"ကင်းစောင့်နေတဲ့အချိန် စစ်ကောင်စီတပ်တွေရောက်လာပြီး အနီးကပ်ရောက်မှပစ်တော့ ကိုယ့်ဘက်က လူတွေ လူစုကွဲသွားတယ်။ ဒီအနေအထားမှာတစ်ယောက်ကျန်ခဲ့တယ်။ ကျနော်တို့ညနေမှပြန်တွေ့တယ်။ ဒဏ်ရာကိုကြည့်တဲ့အချိန်မှာ အနီးကပ်သတ်ခံရတဲ့ဒဏ်ရာဖြစ်နေတယ်။ ဓားဒဏ်ရာပါတယ်။ သေနတ်ဒဏ်ရာပါတယ်"လို့ PRDF အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။
ဖမ်းမိပြီးမှသတ်ခံရတဲ့အနေအထားဖြစ်တယ်လို့ သူက ဆိုပါတယ်။
သေဆုံးခဲ့တဲ့ရဲဘော်ဟာ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Palaw PDF) တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။
ဆားခဲရွာအနီး ဒီနေ့မနက်ပိုင်းက တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် အထိနာခဲ့တဲ့စစ်ကောင်စီတပ်ဟာ ကျောင်းနိမ့်ရွာဘက်ကိုပြန်ပြီးဆုတ်ခွာသွားခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ လုံးဝတပ်ဆုတ်သွားတာမျိုးမဟုတ်တဲ့အတွက်အချိန်မရွေးတိုက်ပွဲပြန်ဖြစ်လာနိုင်တဲ့အနေအထားရှိနေတယ်လို့ PRDF အဖွဲ့ ကနေသိရပါတယ်။
ဒီနေ့မနက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ငါးဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times
No comments:
Post a Comment