မန္တလေး - မတ္တရာ - မိုးကုတ်လမ်းရှိ စစ်ကောင်စီတပ်ဆွဲထားသောဂိတ်များနှင့် အဝေးဆုံးနေကြရန် PDF မေတ္တာရပ်ခံ
ဖေဖော်ဝါရီ - ၈
မန္တလေး - မတ္တရာ - မိုးကုတ်လမ်း၌ စစ်ကောင်စီတပ်ဆွဲထားသော နေရာများတွင် ပြည်သူများအနေဖြင့် အဝေးဆုံးနေကြရန် မတ္တရာပြည်သူ့ကာကွယ်ရေးတပ်က ပြောသည်။
အဆိုပါ လမ်းနေရာများတွင် မတ္တရာ ပြည်သူ့ကာကွယ်ရေးတပ်က စစ်ကောင်စီယာဉ်တန်းနှင့် ဂိတ်ချထားသောနေရာများကို တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း PDF က ဆိုသည်။
" ခုနောက်ပိုင်းခပ်စိပ်စိပ် တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်သွားမှာမို့လို့ မေတ္တာရပ်ခံတာပါ။ ဒီနေ့လည်း စစ်ကောင်စီတပ်ဆွဲထားသော နေရာတွေကို တိုက်ခိုက်ဖို့ လုပ်ထားတာ ပြည်သူတွေရှိနေလို့ မအောင်မြင်လိုက်ဘူး " ဟု မတ္တရာပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေး – မတ္တရာလမ်းပိုင်းတွင် စကစများ မကြာခဏ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခံနေရပြီး စစ်အုပ်စုကလည်း ဒေသခံ အရပ်သားပြည်သူများကို ရမ်းကားရန်ပြုနေလျှက် ရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီ(၂၄)ရက် နေ့ကလည်း မတ္တရာမြို့နယ် ဝသုန္ဒရကျေးရွာ၏ တောင်ဘက်၊ နှောပင်နတ်စင်အနီးတွင် မန္တလေးဘက်မှ လာသော စကစ ကားလေးစီးကို မိုင်းဆွဲတိုက်ခိုက်ခံရပြီး စကစများ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။
ထို့ပြင် ဇန်နဝါရီ(၁၈)ရက်ကလည်း မန္တလေး-မတ္တရာကားလမ်း မတ္တရာမြို့နယ် ဘိုကုန်းရွာအနီးတွင် စကစ ယာဉ်တန်း မိုင်းဆွဲခံရပြီး စကစများ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။
Mandalay Free Press - MFP
No comments:
Post a Comment