စစ်ကိုင်းမြို့နယ် စစ်ကိုင်း - မန္တလေး ကားလမ်းပေါ်တွင် ဆိုင်ကယ်နှစ်စီးဖြင့် သွားလာနေသော လူငယ်လေးဦးကို PDF ဟု စွပ်စွဲကာ စစ်အုပ်စုက ဖမ်းဆီးထားကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။
“မနေ့က ညောင်ပင်ဝန်းဘက်မှာ အဖမ်းခံလိုက်ရတာလို့ ကြားတယ်။ ကလေး မိဘတွေ ဘာတွေနဲ့တော့ ဘာမှ အဆက်အသွယ် မရသေးဘူး” ဟု စစ်ကိုင်းဒေသခံ တစ်ဦးက ဆိုသည်။
ယမန်နေ့ ဖေဖေါ်ဝါရီ(၂၆)ရက် နံနက်(၇)နာရီက စစ်ကိုင်း-မုံရွာ ကားလမ်းပေါ်တွင် မြင်းမူဘက်မှ စစ်ကိုင်းဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ် နှစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာ ရဲမင်းထက်၊ အောင်ဖြိုးခိုင်၊ သက်ပိုင်မှူး၊ ကောင်းထက်ဇော်တို လေးဦးကို လက်လုပ်သေနတ်တွင်အသုံးပြုသည့် ပြောင်းအတို သုံးခု အပါအဝင် ကျည်ဆံအချို့၊ လက်လုက်မိုင်း၊ စစ်သုံးခါးပတ်တစ်ချောင်းနှင့် လက်ကိုင်ဖုန်း လေးလုံးနှင့်အတူ ဖမ်းမိသည်ဟု စစ်အုပ်စုက သတင်းလွှင့်သည်။
အဆိုပါ ဖမ်းဆီးခံရသော လူငယ်များသည် အသက်(၁၈)နှစ်မှ (၂၁)နှစ်ကြားအရွယ်များ ဖြစ်ပြီး စစ်ကိုင်းမြို့နယ် ပါယ်ငါးဆယ်ရွာ၊ ကျောက်တော်ကြီးရွာနှင့် ကြွယ်လူးကျေးရွာတို့မှ ဖြစ်သည်ဟု စစ်အုပ်စုက ဖော်ပြသည်။
စစ်အုပ်စုသည် စစ်ကိုင်း - မုံရွာလမ်း၌ ကင်းပုန်းများ ချထားလေ့ရှိသလို လမ်းသွားလမ်းလာများကို မကြာခဏ ဖမ်းဆီးစစ်ဆေး ငွေညှစ်ခြင်းများ လုပ်ဆောင်လျှက် ရှိသည်။
Mandalay Free Press - MFP
No comments:
Post a Comment