ဖေဖော်ဝါရီလ ၁၈ရက်၊ ၂၀၂၂ ခုနှစ်။
တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်မဟာမိတ်တပ်များပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု တမူးPDF က ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း၊ တမူးမြို့မှကလေးမြို့သို့အထွက် ၃ မိုင်ကျော်၌ရှိသော အစိုးရနည်းပညာအထက်တန်းကျောင်းGTHS ကျောင်းအတွင်းတပ်စွဲ၍ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တမူးPDFတပ်ရင်း၄က ဖေဖော်ဝါရီလ ၁၆ရက်ညနေ ၃နာရီခွဲနှင့်၄နာရီခွဲကြားအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ၁နာရီခန့်အကြာဝင်ရောက်တိုက်ခိုက်မှု၌ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှတပ်ကြပ်ကြီး ၁ဦးအပါအဝင် ၄ဦးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်။
အဆိုပါတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ယမန်နေ့ဖေဖော်ဝါရီလ၁၇ရက် နေလယ်၁၂နာရီခွဲမှ ညနေ၅နာရီခွဲအထိတမူးPDF တပ်ရင်း၄၊ တပ်ရင်း၂ ၊ BSO၊ပကဖ၊ABSDFမဟာမိတ်တပ်များနှင့်အကြမ်းဖက်စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။
၅နာရီခန့်ကြာမြင့်ခဲ့သောထိုထိတွေ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးအချက်၅၀ ကျော်အထိပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၆ ဦးသေဆုံး၍ အများအပြားဒဏ်ရာရရှိခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဒဏ်ရာအနည်းအငယ်သာရရှိခဲ့သည်ဟု တမူးPDFက ထုတ်ပြန်ထားသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment