ပုလဲ - ဖေဖော်ဝါရီ ၁၇၊ ၂၀၂၂ ။
ပုလဲမြို့မှ ချီတက်လာသော စစ်ကောင်စီစစ်ကြောင်းကို ပုပ္ပါကျေးရွာနှင့် တမာပင်ခွကျေးရွာကြားတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ဆရာစံ - PDF ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
အင်အား ၆၀ ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်း တပ်စွဲထားသောနေရာကို သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆရာစံ - PDF မှာ တာဝန်ရှိသူတစ်ဦးက The 74 Media ကို ပြောသည်။
“ငါးယောက်တည်း ညှပ်နေတယ်ဆိုပြီး တက်လိုက်တာ။ တကယ်တော့ ခြောက်ဆယ်ကျော်ကြီး ဗြုန်းခနဲ တွေ့လိုက်တာ့ ပြန်မလှည့်ဘဲ လက်ပစ်ဗုံးနဲ့လှမ်း ပစ်လိုက်တဲ့အချိန်မှာ စစ်ကောင်စီက အငိုက်မိသွားတယ်။” ဟု သူကပြောသည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က နှစ်ရက်ကြာ စောင့်ကြည့်ပြီးနောက် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီတပ်က ပုပ္ပါးကျေးရွာမှ အသက်၂၀ ခန့်အရွယ်ရှိ မောင်ဟိန်းဇော်လတ် ဆိုသူ၏ ဦးခေါင်းကိုသေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သူကဆက်ပြောသည်။
“ဆိုင်ကယ်ပြန်ယူတာကို စစ်ကောင်စီတွေနဲ့ မိသွားပြီး ခေါင်းကို ပစ်ထားတာတွေ့ရတယ်။ ဦးနှောက်တွေလည်း ထွက်နေတယ်။” ဟု သူကပြောသည်။
စစ်ကောင်စီတပ်နှင့် ဆရာစံ - PDF ပူးပေါင်းတပ်ဖွဲ့တို့ သုံးနာရီခန့်ကြာ တိုက်ပွဲပြင်းထန်းစွာ ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ထိခိုက်မှုမရရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးသင်တန်းစခန်းကိုလည်း ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဒေသခံကာကွယ်ရေးတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲပြင်းထန်ခဲ့သည်။
The 74 Media
No comments:
Post a Comment