မိုးကုတ်မြို့နယ် ဂွေးပင်ရှိစစ်ကောင်စီစခန်းကို PDFတိုက်ခိုက်၊ စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် သေဆုံးသူများပြား
● စခန်းသိမ်းလုနီးတွင် စစ်ကောင်စီတပ်မှ စစ်ကူများရောက်လာ၍ PDF များအောင်မြင်စွာဆုတ်ခွာခဲ့ဟုသိရ
မန္တလေးတိုင်း မိုးကုတ်မြို့နယ် မန္တလေး - မိုးကုတ်လမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို ယနေ့ နံနက်က တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါအဝင် သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
မန္တလေး - မိုးဂုတ်လမ်း ဂွေးပင် ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့(ဖေဖော်ဝါရီ ၁၄ရက်) နံနက် ၄နာရီ ဝန်းကျင်မှ စတင် စီးနင်းတိုက်ခိုက်ခံရပြီး နံနက် ၈နာရီခွဲထိ ၄နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ခဲ့သည်။
“စခတွေဘက်က တပ်ရင်းမှူးပါ သေတယ်တဲ့။ စခန်းမီးရှို့မလို့ကိုတိုက်ပွဲချိန်ကြာပြီး စစ်ကူများသွားလို့ နောက်ဆုတ်ခဲ့ရတာတဲ့”ဟု PDFနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ်မှ သေဆုံးသူ ၄၀ ခန့်အထိရှိပြီး စခန်းကိုသိမ်းလုခါနီးအခြေအနေတွင်မှ စစ်ကူများရောက်လာ၍ PDF များက အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း အထက်ပါသတင်းရင်းမြစ်များက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို PDF ပါဝင်သည့် ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ရှမ်းမြောက်ဒေသခံက ပြောသည်။
ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနက အဆိုပါတိုက်ပွဲပြင်းထန်၍ ဂွေးပင်ရွာခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ဒေသခံများကို ကိုးကားဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုတွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပါဝင်သည်ဟုသတင်းထွက်ပေါ်နေသော်လည်း People's Spring က သီးခြားအတည်မပြုနိုင်ပါ။ ဒေသခံအချို့ကလည်း လက်နက်ကိုင်အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသာကြားပြီး မည်သည့်အဖွဲ့ ဆိုသည်ကိုမသိဟု ပြောသည်။
PDF နှင့်နီးစပ်သော သတင်းရင်းမြစ်က PDF များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအတည်ပြု ပြောကြားသည်။
ယနေ့တစ်ရက်တည်းတွင် မန္တလေးတိုင်းအတွင်း မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုနှင့် နွားထိုးကြီးမြို့နယ်ရှိ တရုတ်ဓါတ်ငွေ့ပိုက်လိုင်းစောင့် စစ်ကောင်စီတပ်ကို ဒေသခံ PDF များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
People's Spring
No comments:
Post a Comment