စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းကိုဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်သည်။
ယနေ့ ဖေဖော်ဝါရီလ ၉ ရက် နံနက်၄နာရီ ၂၅မိနစ်ဝန်းကျင်က စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ကံထူးမ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အပြန်အလှန်ပစ်ခတ်မှု တစ်နာရီကျော်ကြာ ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများသည်ဟု တန့်ဆည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မဟာက သတင်းထုတ်ပြန်သည်။
အဆိုပါကံထူးမရဲစခန်း တိုက်ခိုက်ရာတွင် တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၆၊ ၇၊၈)၊ မင်းကင်း PDF တပ်ရင်း(၁)၊ TPC –(Taze People Comrades)၊ Myanmar Defense Force – (TanzeTiger)၊ (Phoenix Defence Force )-Taze၊ (Dragon Warrior)-Taze PDF ၊တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)များ မဟာမိတ်ညီနောင်များ စုပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။
ကံထူးမ ရဲစခန်းတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း ၊ ကျန်တော်လှန်ရဲဘော်အားလုံး ဘေးကင်းလုံခြုံသောနေရာသို့ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း အဖော်ပြထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနကလည်း ယနေ့တိုက်ပွဲသတင်းတွင် ကံထူးမရဲစခန်းကို တန့်ဆည့်PDF ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဖော်ပြထားသည်။
တန့်ဆည်မြို့နယ်အတွင်း ယနေ့နံနက်ပိုင်းက တိုက်ပွဲဖြစ်နိုင်ချေ ရှိနေသောကြောင့်တန့်ဆည်-ကံထူးမလမ်း၊ ကံထူးမ-တမာတော-ရေဦးလမ်းပိုင်းများအားလုံးဝ(လုံးဝ) အသွားအလာ မပြုလုပ်ကြပါရန်လေးစားစွာ ပန်ကြားအပ်ကြောင်း၊ ထိုလမ်းပိုင်းအား ပြန်လည်အသုံးပြုနိုင်သော နေ့ရက်အား ထပ်မံကြေညာပေးပါမည်ဟု တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တန့်ဆည်မီးငှက်အဖွဲ့တို့က အသိပေးထားသည်။
တိုက်ပွဲဖြစ်ပွားနေချိန်တွင် အဆိုပါလမ်းအသုံးပြုနေသောကားများမှာ တိုက်ပွဲဖြစ်ရာနေရာမရောက်ခင် လမ်းပေါ်တွင် ရပ်နားစောင့်ဆိုင်းခဲ့ကြကြောင်းလည်း ဒေသခံအချို့ကပြောသည်။
People's Spring
No comments:
Post a Comment