Feb 26.2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ဆက်ရေးလိုင်းများဖြစ်သည့် Ooredoo နှင့် Telenor ဖုန်းလိုင်းများပြတ်တောက်နေကြောင်း သိရသည်။
Ooredoo ဖုန်းလိုင်းမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှစတင်ကာ ယနေ့ထိ လုံးဝပြတ်တောက်သွားပြီး Telenor ဖုန်းလိုင်းမှာ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြတ်တောက်သွားကြောင်းသိရသည်။
ပူတာအိုတွင် လတ်တလော MTP နှင့် Mytel ဖုန်းလိုင်းနှစ်ခုသာပုံမှန်ရရှိနေပြီး Ooredoo နှင့် Telenor ဖုန်းလိုင်းပြတ်တောက် ရခြင်းမှာ စက်သုံးဆီပြတ်လပ်နေခြင်းကြောင်းဖြစ်သည်ဟု ပူတာအိုဒေသခံ တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။
''ကားလမ်းကပိတ်ထား ဆီကားတွေက မရောက်တော့ တာဝါတိုင်တွေလည်ပတ်ဖို့ ဆီမရှိလို့ ပိတ်ထားတာလို့သိရတယ်။ MPT နှင့် Mytel လည်းရေရှည်ဆိုရင်တော့ ပိတ်ထားရလောက်တယ်ဒီပုံစံနဲ့ဆိုရင်။ အော်ရီဒိုးကတော့ မနေ့ကတည်းကလုံးဝပျောက်သွားတယ် telenor ကတော့မနေ့ကထိရသေးတယ်ဒီနေ့မနက်မှလုံးဝပျောက်နေတာ''ဟု အမည်မဖော်ပြလိုသည့် လုံးစွပ်ရပ်ကွက်နေအမျိုးသားတစ်ဦးကပြောသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ပြီး ပူတာအိုဒေသတွင် ကချင်လွတ်လပ်ရေးတပ် မတော် KIA၊PDF နှင့်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲမကြာခဏ ဖြစ်ပွားနေမှုကြောင့်ကုန်စည်စီးဆင်းမှုပြတ်တောက်နေသည့်အပြင် မြစ်ကြီးနား - ပူတာအိုလမ်းမကြီးကို လကုန်းပိုင်းအထိပိတ်ထားမည်ဖြစ်ကြောင်းသိရသည်။
ပူတာအိုဒေသတွင် ဆက်သွယ်ရေးဖုန်းလိုင်းများပြတ်တောက်လာသည့်အပြင် စစ်ကောင်စီတပ်နှင့် KIA တို့ကြားစစ်ရေးတင်မားမှုရှိနေသည့်အတွက် ရက်ပိုင်းအတွင်း အခြေအနေဆိုးရွား လာမည်ကိုဒေသခံများက အထူးစိုးရိမ်နေကြသည်။
Kachin News Group
No comments:
Post a Comment