ချိပ်ပိတ်ခံထားရသည့် NLD ကိုယ်စားလှယ်နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက် မီးရှို့ဖျက်ဆီး


ဖေဖော်ဝါရီလ ၃၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ ချိပ်ပိတ်ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်း၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ ဖေဖော်ဝါရီ ၂ ရက် ညနေ ၃ နာရီခွဲအချိန်တွင် အာရှလမ်းရှိ ဦးနိုင်နိုင်ဝင်း၏ ခြံထဲမှ နေအိမ်နှင့် ဂိုထောင်ကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။

"ညနေလောက်မှာ မီးလာရှို့သွားတာ။ သူတို့ လာမီးရှို့တဲ့ အချိန်မှာ ပတ်ဝန်းကျင်ကိုလည်း အကြည့်မခံဘူးဗျ။ အနားမှာ ရှိတဲ့သူတွေကိုလည်း မောင်းထုတ်တယ်။ ဘယ်သူမှ သွားကြည့်လို့ မရဘူး" ဟုဆိုသည်။

မီးရှို့ဖျက်ဆီးပြီးနောက် ခြံဝင်းနေအိမ်အတွင်းရှိ ပစ္စည်းများကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ယူဆောင်သွားသည်ဟု သိရသည်။

စစ်ကောင်စီက ဗိုလ်ချုပ်လမ်းတွင်ရှိသည့် ဦးနိုင်နိုင်ဝင်း၏ နေအိမ်ကို ဇန်နဝါရီ ၁၉ ရက်က ချိပ်ပိတ်ခဲ့ပြီး ယခုမီးရှို့ခံခဲ့ရသည့် ခြံဝန်းနေအိမ်ကိုလည်း ဇန်နဝါလ ၂၈ ရက်တွင် ချိပ်ပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်လုပ်ရပ်ကိုပဲ သူတို့သိတာကြောင့် ယခုလို‌လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဦးနိုင်နိုင်ဝင်းက ဆိုသည်။

"တစ်နေ့နေ့ ဒီလိုလုပ်လာမယ်ဆို‌တာကိုတော့ မျှော်လင့်ပြီးသားပါ။ ကျွန်တော့်ထက်ကို ဆုံးရှုံတဲ့ ဖြစ်ရပ်တွေ အများကြီး ဒါကျွန်တော်တို့ နိုင်ငံမှာ တွေ့နေတာပဲ။ ကျွန်တော်တို့ကို မနိုင်တော့ဘူးဆိုရင် သူတို့ လုပ်ရမယ့်၊ သူတို့ သိတဲ့ နည်းလမ်းက ဒါပဲရှိတာကို။ နိုင်ငံရေးအရ သွားရမယ့် နည်းလမ်းတွေ သူတို့ နားလည်တာမဟုတ်ဘူး။ သူတို့က အကြမ်းဖက်မယ်။ ဒါပဲ သူတို့ လုပ်တတ်တယ်။ အဲဒီအတွက် သူတို့က ဒီလို လုပ်လာတယ်လို့ပဲ သုံးသပ်ပါတယ်" ဟုဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်တွင် တမူးမြို့ရှိ NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦးနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ နေအိမ် ၁၀ အိမ်ကျော်ကို စစ်ကောင်စီက နိုင်ငံတော်ပိုင် ချိပ်ပိတ်သိမ်းခဲ့သည်။


သံလွင်ခက် - Than Lwin Khet News

ချိပ်ပိတ်ခံထားရသည့် NLD ကိုယ်စားလှယ်နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက် မီးရှို့ဖျက်ဆီး ချိပ်ပိတ်ခံထားရသည့် NLD ကိုယ်စားလှယ်နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက် မီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 18:46 Rating: 5

No comments:

Powered by Blogger.