မြင်းမူ၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၂၊
မြင်းမူမြို့နယ်အတွင်း လူနာတင်ကားစီးလာတဲ့ စစ်ကောင်စီတပ်သားတွေ ဖေဖော်ဝါရီ ၂ ရက် မနေ့က နေ့လည်၃ နာရီလောက်မှာ မိုင်းဆွဲခံရပြီး စစ်သား ၅ ဦးသေဆုံးတယ်လို့ People's Defence Force Myinmu-MMU PDF ဆီကသိရပါတယ်။
စစ်သားအင်အား ၁၅ ဦးလောက်စီးလာတဲ့ လူနာတင်ကား ၂ စီးကို စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာနဲ့ ရေပိုးစားရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ MMU PDF ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်ခင်သောင်းက ပြောပါတယ်။
“ တစီးကို ၆ ယောက် ၇ ယောက်လောက်တော့ပါမယ်၊ လူနာတင်ကား နှစ်စီးနဲ့လာတာ အဲ့ကောင်တွေကအမျိုးမျိုးဥာဏ်များနေတာ၊ စစ်ကောင်စီဘက်က သေဆုံးတာဆိုရင် ခန့်မှန်းခြေ ၅ ယောက်လောက်ရှိမယ်၊ ဒဏ်ရာရသူလည်းများတယ်၊ ကားတစီးကတော့ တော်တော်ဆုတ်ပျက်သွားတယ်၊ “ လို့ သူကပြောပါတယ်။
ဒီတိုက်ခိုက်မှုကို မြင်းမူမြို့ Black Eagle Defence Force-MMU၊ People's Defence Force Myinmu-MMU PDF၊ မြင်းမူလျှပ်စီး ပျောက်ကျားအဖွဲ့၊ MyinMu Defence Force-MMDF၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။
တိုက်ခိုက်ခံရပြီး အဲ့ဒီကားတွေဟာ ချောင်းဦးမြို့ဘက်ကို ဆက်သွားတယ်လို့သိရပြီး လက်ရှိအချိန်မှာ မြင်းမူမြို့နယ်အတွင်းကျန်နေတဲ့ စစ်ကောင်စီတပ်တွေက မြင်းမူမြို့နယ်၊ မန်းကျည်းကန်ရွာကို ကားသုံးစီးနဲ့ ဝင်စီးပြီး ပစ်ခတ်တာတွေလုပ်နေလို့ ဒေသခံတွေလည်း ဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့ ဗိုလ်ခင်သောင်းက ဆက်ပြောပါတယ်။
ဖေဖော်ဝါရီ ၂ ရက် မနေ့ကမနက် အစောပိုင်းကလည်း မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီး စစ်ကောင်စီထောက်တိုင်တခုဖြစ်တဲ့ မြင်းမူမြို့မြောက်ဘက်အဝင်က တိုးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ MMU PDF ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment