ညောင်တုန်း၊ ဖေဖော်ဝါရီ ၁၇ ရက်
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ ဗိုလ်မြတ်ထွန်းတံတားအဆင်းမှာ ဖွင့်လှစ်ထားတဲ့ မန်းကေသီ KTV ဆိုင်မှာ ဖေဖော်ဝါရီလ ဒုရဲအုပ်တဦး ဓါးထိုးခံရပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
လိုင်းကြေးတောင်းဖို့လာရင်း KTV မှာသီချင်းဝင်ဆိုရာမှ ခေါ်နေကျ မိန်းကလေးအား ခေါ်စဉ် တဖက်ခန်းက ဧည့်သည်ခေါ်ထားတာကြောင့် စကားအချေအတင်များရာကနေ ဓါးနဲ့အထိုးခံရပြီး သေဆုံးခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
“ သွားတာက အရပ်ဝတ်နဲ့ပဲ ဆိုင်ရှင်နဲ့တော့ သိတယ် ဒါပေမယ့် ဟိုဘက်က သူတွေက သူ့ကို မသိဘူးလေ စကားများရာကနေ ဓါးနဲ့ထိုးသွားတာ သူကတော့ နေရာမှာသေသွားတယ်”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။
မိန်းကလေးလုရင်း ဓါးနဲ့အထိုးခံရတာနဲ့ ပတ်သက်ပြီး ဓါးနဲ့ထိုးသူ ၃ ဦးထွက်ပြေးလွတ်မြောက်သွားတာကြောင့် ဒုရဲအုပ်လုတဲ့ မိန်းကလေးကို ရဲတွေက ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
ဓါးနဲ့ထိုးတဲ့ အမျိုးသား ၃ ဦးကို ကြိမ်ပင်ဆယ်ကျေးရွာမှာ ရိုက်နှက်ဖမ်းဆီးပြီး စခန်းကို ဖမ်းဆီးခေါ်ဆောင်သွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါဒုရဲအုပ် သေဆုံးမှုနဲ့ပတ်သက်ပြီး ညောင်တုန်းမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
Ayeyarwaddy Times
No comments:
Post a Comment