မဲခေါင်၊ ဖေဖော်ဝါရီ ၃
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် KNU တပ်မဟာ ၄ နယ်မြေအတွင်း စစ်ကောင်စီကို KNU နှင့် PDF ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးခဲ့ကြောင်း သိရသည်။
KNU တပ်မဟာ ၄ နယ်မြေဖြစ်သည့် ပုလောမြို့နယ်၊ ဆားခဲကျေးရွာအနီးတွင် ယနေ့မနက် ၇ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး KNU နှင့် PDF တို့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်များ အကျအဆုံးများကြောင့် ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ပုလော PDF ဘက်က ထုတ်ပြန်သည်။
ပြန်လည်ဆုတ်ခွာသွားသော စစ်ကောင်စီအဖွဲ့သည် နံနက် ၇ နာရီကျော်တွင် ထပ်မံလာရောက်တိုက်ခိုက်ခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ပြန်သည်။ KNU ပူးပေါင်းအဖွဲ့က လက်ဦးမှုရယူကာ စတင်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ အသုံးအဆောင်တချို့အား သိမ်းဆည်းရမိခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီဘက်က တပ်ကူများထပ်မံဖြည့်တင်းနေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားရန်အခြေအနေရှိကြောင်း ပုလော PDF က သတိပေးထုတ်ပြန်ထားသည်။
ယခုတိုက်ပွဲဖြစ်ပွားသည့် ပုလောမြို့နယ်၊ ဆားခဲကျေးရွာအနီးတွင် ဇန်နဝါရီ ၇ နှင့် ၈ ရက်များတွင် စစ်ကောင်စီအဖွဲ့နှင့် KNU နှင့် PDF ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သေးသည်။
KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေဖြစ်သည့် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄ က စစ်ကောင်စီတပ်မှပြေးလာသူများ ရှာဖွေရန်ဟူသောအကြောင်းပြချက်ဖြင့် အင်အားအများအပြားဖြည့်တင်းခဲ့ဖူးသည်။
တနင်္သာရီတိုင်းတွင် စစ်ကောင်စီကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းများရှိပြီး ပုလောမြို့နယ်တွင် နယ်မြေခံတပ် ခလရ ၂၈၅ အခြေစိုက်သည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment