စစ်ကောင်စီစခန်းအား တစ်ရက်အတွင်း KNLA ၃ ကြိမ်ဝင်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး


ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်ခရိုင်)ရှိ စစ်ကောင်စီတပ်စခန်းများအား ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ က ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တစ်ရက်အတွင်း ၃ ကြိမ် ဝင်ရောက်တိုက်ခိုက်မှုပြုလုပ်ရာ စစ်ကောင်စီဖက်မှ ၈ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု မူတြော်ခရိုင်သတင်းစဉ်က ယနေ့ သတင်းထုတ်ပြန်သည်။ 

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၆ နာရီ ခွဲတွင် စစ်ကောင်စီတပ်များတပ်စွဲရာ ညာဃေါ်ကျိုး (သူးမွဲထာမြောက်ဖက်) စခန်းအား KNLA တပ်မဟာ ၅ က နံနက် ၆ နာရီခွဲတွင် ဝင်ရောက်တိုက်ခိုက်ရာ တွင် စစ်ကောင်စီတပ်သား တစ်ဉီးသေဆုံးသွားကြောင်း မူတြော်ခရိုင်သတင်းစဉ်က ထုတ်ပြန်ထားသည်။ 

၎င်းအပြင် ထိုနေ့ နံနက် ၈နာရီခွဲအချိန်ခန့်တွင် ထူမောဒဲ(ဖာပွန်အရှေ့ဖက်)တံတားဦးရှိ စစ်ကောင်စီ တပ်စခန်းအား KNLA တပ်မဟာ ၅၊ တပ်ရင်း(၁၅)၊ တပ်ခွဲ(၂)တပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီဖက်မှ(၄)ဉီး သေဆုံးခဲ့သလို ထိုနေ့တွင်ပင် စစ်ကောင်စီ၏ခူးသူး ထာစခန်းအား KNLA-တပ်ဖွဲ့က ထပ်မံတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ် (၂)ဉီးသေဆုံးပြီး (၃)ဉီးဒဏ်ရာရရှိခဲ့သည်ဟု မူတြော်ခရိုင် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။  

ထို့အတူ ဖေဖေါ်ဝါရီလ(၁၃)ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲကျော်တွင်လည်း စစ်ကောင်စီ၏ မယ်ဝေ (မဲဝိုင်)တပ်စခန်းအား KNLA တပ်မဟာ ၅ တပ်ရင်း (၁၀၂)တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်မှုပြုလုပ်သောကြောင့် စစ်ကောင်စီတပ်သား တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု မူတြော်ခရိုင်က ထုတ်ပြန်သည်။ 

အဆိုပါဖြစ်ပွားသည့် တိုက်ပွဲ(၄)ကြိမ်တွင် KNLA တပ်မဟာ ၅ ဘက်မှ  တစ်စုံတစ်ရာထိခိုက်ကျဆုံး မှုမရှိကြောင်း မူတြော်ခရိုင်သတင်းစဉ်တွင် ဖော်ပြထားသည်။ 


Karen Information Center -KIC 

စစ်ကောင်စီစခန်းအား တစ်ရက်အတွင်း KNLA ၃ ကြိမ်ဝင်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး စစ်ကောင်စီစခန်းအား တစ်ရက်အတွင်း KNLA ၃ ကြိမ်ဝင်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး Reviewed by THITHTOOLWIN on 02:40 Rating: 5

No comments:

Powered by Blogger.