ပုလောတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA တို့ကြား တိုက်ပွဲဖြစ်

ဓာတ်ပုံ - တိုက်ပွဲအတွင်း ရရှိခဲ့သော စစ်ကောင်စီတပ်သားများ၏ ကျည်ကာနှင့် လက်နက်ခဲယမ်းများ (CJ-ပေးပို့)

ဖေဖော်ဝါရီ ၃၊ ၂၀၂၂။

တနသာ်ရီတိုင်းဒေသကြီး၊ ပုလောနယ်မြေတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ပုလောမြို့နယ်၊ ဆားခဲကျေးရွာသို့ နယ်မြေကျူးကျော်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ ဖေဖော်ဝါရီ ၃ ရက် နံနက် ၇ နာရီဝန်းကျင်ခန့်နှင့် ၈ နာရီကျော်တို့တွင် ကရင်အမျိုးအသားအစည်းအရုံး KNU၊ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ PRDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော) PPDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပုလော ပြည်သူကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက “မနေ့ညနေ ညသန်းခေါင်လောက်က စကစ အင်အား ၃၀ လောက် ဆားခဲဖက်ကို တက်လာတယ်။ PDF တပ်တွေ ကင်းပုန်းဝပ်တဲ့ အနီးက ကပ်ပြီး ဖြတ်သွားတာ။ အတက်မှာ သူတို့ကို လွှတ်ပေးလိုက်တာ” ဟု သံလွင်ခက်ကို ပြောသည်။

KNU တပ်မဟာ ၄ နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်ဦးမှု ရရှိကာ ဇန်နဝါရီလ ၃ ရက်တွင် တိုက်ပွဲ ၂ ကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲမှ ၅ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ၊ ကျည်ကာအင်္ကျီများ၊ လက်ပစ်ဗုံးများနှင့် အသုံးအဆောင်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း တာဝန်ရှိသူက ပြောသည်။

“KNU နယ်မြေထဲကို ကျူးကျော်ဝင်လာ တပ်စွဲထားတာ၊ ကိုယ့်နယ်ထဲ ဝင်လာတာဆိုတော့ နယ်မြေ အသာစီးလည်း ရတယ်။ လက်ဦးမှုလည်း ရတာပေါ့။ အဲဒါကို ဒီဘက်က PDF, PRDF တွေက သွားပစ်တာ။ ဆားခဲဆိုတာက ပုလောနဲ့ ၄ မိုင် ၅ မိုင်လောက် ဝေးတာပေါ့” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆားခဲကျေးရွာအတွင်း နယ်မြေကျူးကျော်လာမှုနှင့်အတူ အနီးအနားရှိ ကျေးရွာများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော်ခန့် တပ်စွဲထားသည်ဟု သိရသည်။


သံလွင်ခက် - Than Lwin Khet News

ပုလောတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA တို့ကြား တိုက်ပွဲဖြစ် ပုလောတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA တို့ကြား တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 18:43 Rating: 5

No comments:

Powered by Blogger.