ဖလူးဒေသရှိ စစ်ကောင်စီစခန်းအချို့အား KNLA, PDF ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်း
ပုံစာ - ဖလူးဒေသတွင် ယနေ့သိမ်းဆည်းရမိသော စစ်ကောင်စီပိုင် ခဲယမ်းလက်နက်များ |
၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း ဒီဇင်ဘာလလယ်ပိုင်းအတွင်းတိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်စွဲထားခဲ့သော ဖလူးဒေသရှိ စခန်းအချို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်တပ်ဖွဲ့(PDF)ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ နေ့လည်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဒေသတွင်းဆိုင်ရာအဖွဲ့ ဦးဆောင်သူတစ်ဦးကို သံလွင်ခက်ကို အတည်ပြုပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်တို့ကြားတိုက်ပွဲပြင်းထန်ခဲ့ပြီး စခန်းသိမ်းခံရပြီးနောက် စစ်လေယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
“ လက်ရှိအချိန်ထိတော့ တိုက်ပွဲက ဖြစ်နေတုန်းပဲ၊ ညနေ ၃ နာရီလောက်က လေယာဉ် နှစ်စီးနဲ့လာပစ်တယ်။ ပြန်နေလို့ရမယ်ထင်ပြီး အိမ်ပြန်နေထိုင်တဲ့ ဖလူးလေးက အမျိုးသားတစ်ဦး လက်နက်ကြီးထိတယ်လို့ သတင်းကြားတယ်။ အသေးစိတ်ကိုတော့ အတည်ပြုနေတုန်းပဲ “ ဟု တပ်မဟာ ၆ အတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားကာလ ၂ လတာအတွင်း လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ အင်အားသုံးထိုးစစ်ဆင်မှုများကြောင့် ကရင်ပြည်နယ်၊ တပ်မဟာ ၆ နယ်မြေအတွင်းရှိ လေးကေ့ကော်ဒေသခံများ သောင်းနှင့်ချီ၍ စစ်ဘေးရှောင်ခဲ့ရသည်။
လက်ရှိအချိန်တွင် နေရပ်ပြန်ရန် လုံခြုံစိတ်ချရသော အခြေအနေမရှိသောကြောင့် သောင်ရင်းမြစ်ကမ်းအနီးရှိ ကိုင်းတောများနှင့် သောင်ပြင်များတွင် မိုးကာတဲများဖြင့် ခိုလှုံနေရဆဲဖြစ်သည်။
ယနေ့ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ထပ်မံတိမ်းရှောင်ရန် ပြင်ဆင်နေကြရသည်ဟု စစ်ရှောင်စခန်းရှိ တာဝန်ခံတစ်ဦးက ပြောသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment