တိုက်ပွဲရှိန်ဆက်မြင့်လာမှာမို့ လွိုင်ကော်ဒေသခံများ နေရပ်မပြန်ကြရန် KNDFမေတ္တာရပ်ခံ

ပုံစာ-ကယားပြည်နယ် စစ်ဘေးရှောင်စခန်းတစ်ခုတွင် တွေ့ရသော ဒေသခံပြည်သူများကို ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။ Photo Credit -ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်


ဖေဖော်ဝါရီ ၉၊ ၂၀၂၂။

လတ်တလောတွင် စစ်ကောင်စီတပ်များနှင့် ဖြစ်ပေါ်လျှက်ရှိသည့် တိုက်ပွဲများ ဆက်လက်မြင့်တက်လာဖို့ရှိ‌သောကြောင့် လွိုင်ကော်ဒေသခံများ နေရပ်မပြန်ကြရန် ကရင်နီ အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ KNDF က ဒေသခံပြည်သူများကို မေတ္တာရပ်ခံလိုက်သည်။

“အခု မြို့ပေါ်မှာ ပြောက်ကျားနဲ့တော့ တိုက်နေရတယ်။ ကိုယ့်မြို့ကိုယ့်ဒေသဖြစ်တဲအတွက် ပိုပြီး ကောင်းကောင်းမွန်မွန် တိုက်လို့ရတာပေါ့။ မြို့ပြတိုက်ပွဲကတော့ အဲ့လိုပေါ့နော်။ လူထုကလည်းနားလည်ရမှာက ကိုယ့်အိမ်ကိုယ့်ယာဆိုတော့လည်း ပြန်ချင်ကြတာပေါ့။  ဒါကလည်း ကျွန်တော်တို့ တားလို့မရဘူးလေ။ တစ်ခုရှိတာက ပြောက်ကျားတိုက်ပွဲတွေက တောက်‌လျှောက်ဖြစ်နေမယ်။ ဒီထက်လည်း ဆက်ဖြစ်လာဖို့ အများကြီးရှိလို့ မပြန်စေချင်သေးတာ” ဟု KNDF ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကို ပြောသည်။

ဇန်နဝါရီလ ၇ ရက်မှစတင်ကာ  ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့်ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) တို့ပြောက်ကျားတိုက်ပွဲများ ဆက်တိုက် ဖြစ်ပေါ်နေခြင်းဖြစ်သည်။

စစ်ဘေးရှောင်တချို့သည် လွိုင်ကော်မြို့ပေါ်ကို ဇန်နဝါရီ ၂၀ ရက် နောက်ပိုင်းတွင် ပြန်လည်ဝင်ရောက်လာကြပြီး စစ်ကောင်စီက မြို့အဝင်အထွက်ဂိတ်များတွင် တင်းတင်းကြပ်ကြပ် စစ်ဆေးမှုများ ရှိသည်ဟုလည်း နေရပ်ပြန်များကို ပို့ဆောင်ပေးနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

 လွိုင်ကော်မြို့သည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်သော မြို့တစ်ခုဖြစ်ပြီး စစ်ကောင်စီဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သွားရောက်ခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်တွင်ပင် ပြောက်ကျားတိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်။


သံလွင်ခက် - Than Lwin Khet News

တိုက်ပွဲရှိန်ဆက်မြင့်လာမှာမို့ လွိုင်ကော်ဒေသခံများ နေရပ်မပြန်ကြရန် KNDFမေတ္တာရပ်ခံ တိုက်ပွဲရှိန်ဆက်မြင့်လာမှာမို့ လွိုင်ကော်ဒေသခံများ နေရပ်မပြန်ကြရန် KNDFမေတ္တာရပ်ခံ Reviewed by THITHTOOLWIN on 21:48 Rating: 5

No comments:

Powered by Blogger.