မိုးကုတ် ဂွေးပင်ရွာ စစ်စခန်း တိုက်ခိုက်မှု စကစ (၂၆)ဦးထက်မနည်း သေဟုဆို၊ ပြည်သူ့ရဲဘော် နှစ်ဦး ကျဆုံးကြောင်း FRF ထုတ်ပြန်၊

မိုးကုတ်၌ စကစ ဂွေးပင်စခန်း/ Photo - မိုးကုတ်နွေဦး တော်လှန်ရေး မြေပြင်သတင်းမှန်အဖွဲ့

ဖေဖေါ်ဝါရီ - ၁၈

မန္တလေးတိုင်း မိုးကုတ်မြို့နယ် အနောက်ပိုင်း ဂွေးပင်ရွာရှိ စကစ စခန်းကို ဖေဖေါ်ဝါရီ(၁၄)ရက် မနက်ပိုင်းတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တပ်ပေါင်းစုများက တိုက်ခိုက်ခဲ့ရာ စကစ (၂၆)ဦးထက်မနည်း သေကြောင်း ဖက်ဒရယ်တော်လှန်ရေးတပ်ဖွဲ့ - FRF က ယနေ့ သတင်းထုတ်ပြန်သည်။

ဖေဖေါ်ဝါရီ(၁၄)ရက် မနက်(၄)နာရီကျော်မှ (၉)နာရီဝန်းကျင်အထိ မိုးကုတ်မြို့နယ်၊ ကပိုင်ကျေးရွာအုပ်စု၊ ဂွေးပင်တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ FRF က ယနေ့ ထုတ်ပြန်ရာတွင် စစ်ကောင်စီဘက်က (၂၆)ဦးထက်မနည်း သေပြီး ထိခိုက်ဒဏ်ရာရကာ ဆေးရုံရောက်သူ အများအပြား ရှိသလို တော်လှန်ရေး ရဲဘော် နှစ်ဦး ကျဆုံးသည်ဟု ဖော်ပြသည်။

“မိုးကုတ်မြို့နယ် အနောက်ဖက် ဂွေးပင် စစ်တပ်ကို ဖေဖေါ်ဝါရီ(၁၄)ရက် တနင်္လာနေ့ မနက်ခင်းပိုင်း (၄)နာရီကျော်တွင် တပ်ပေါင်းစုရဲဘော်များ စတင်ကာ ထိုးစစ်ဆင်ခဲ့ပါတယ်။ အတော်တန်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီ စစ်ကောင်စီဘက်မှ တပ်ကူများ ရောက်ရှိလာကာ လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်ခဲ့ပါတယ်၊ ထိုလက်နက် များသည် ယခု ဂွေးပင်စစ်တပ် ဂိတ်စစ်ဆေးရာ ခရီးသွားပြည်သူများနှင့် ကားများအနီးသို့ ကျရောက်လာသောကြောင့် တော်လှန်ရေး တပ်သားများ အနေဖြင့် ဂွေးပင်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ပြည်သူများ၏ လုံခြုံရေးအတွက် တပ်ဆုတ်ခဲ့ရပါတယ်။ အတော်တန်ပြင်းထန်တဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် မှ (၂၆) ဦးထက် မနည်း ကျရှုံးခဲ့ကာ ဆေးရုံ ရောက်ရှိတဲ့ အရေတွက်ဟာလည်း အတော်များခဲ့ပါတယ်၊ ဆေးရုံ ပို့ဆောင်ရာတွင် မိုးကုတ် ပြည်သူ့ဆေးရုံ၊ ကျပ်ပြင်ပြည်သူ့ဆေးရုံ၊ (၇)မိုင် စစ်ဆေးရုံ တို့ကို ပို့ထားရကြောင်း အချက်လက်များမှတဆင့် သိရှိရပါသည်” ဟု  FRF က ထုတ်ပြန်သည်။

 အဆိုပါ ဂွေးပင်တိုက်ပွဲတွင်  တော်လှန်ရေး တပ်သားများ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သော်လည်း နှစ်ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

“ရဲဝံ့ပြတ်သားစွာတိုက်ခိုက်ရင်း သူရဲကောင်းပီသစွာ ကျဆုံးခဲ့ရပါသည်၊ သို့အတွက်လည်း ကျနော်တို့ တော်လှန်ရေး တပ်ပေါင်းစုမှ များစွာစိတ်မကောင်း ဖြစ်ရပါသည်။ ကျဆုံးခဲ့ရတဲ့ ရဲဘော်များကို အလေးပြုရင်း အာဏာရှင်စနစ်ဆိုးကို အဆုံးထိတိုင် တော်လှန် တိုက်ထုတ်သွားမည်ဟု ကတိပြုအပ်ပါသည်” ဟု FRF က ဖော်ပြသည်။

အဆိုပါ FRF က ထုတ်ပြန်သော မိုးကုတ်မြို့နယ် ဂွေးပင်ရွာ တိုက်ပွဲသတင်းနှင့် ပတ်သက်၍ MFP အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ 

စကစများ အသေအပျောက်စာရင်း မသိရသေးသော်လည်း အထက်ပါ ဆေးရုံ သုံးရုံးသို့ ထိခိုက်ဒဏ်ရာရထားသည့် စကစများ ရောက်ရှိလာသည်မှာ မှန်ကန်သည်ဟု ဒေသခံအချို့က MFP သို့ ပြောသည်။

ယနေ့ ဖေဖေါ်ဝါရီ(၁၄)ရက် မနက်(၅)နာရီ ဝန်းကျင်မှ စတင်ကာ မိုးကုတ်မြို့နယ်၊ ကပိုင်ကျေးရွာအုပ်စု၊ ဂွေးပင်တပ်စခန်း  ဗုံးသီးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု စစ်ကောင်စီ အသိုင်းအဝိုင်းနှင့် နီးစပ်သူများက MFP သို့ ပြောသည်။

ဂွေးပင်ရွာစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက မိုးကုတ်မြို့နယ်အတွင်း လမ်းမများနှင့် မိုးကုတ်မြို့ပေါ်၌ ပိုမိုဖမ်းဆီး စစ်ဆေးကာ ဒေသခံများကို ရန်မူနေသည်ဟု ဆိုသည်။


Mandalay Free Press - MFP

မိုးကုတ် ဂွေးပင်ရွာ စစ်စခန်း တိုက်ခိုက်မှု စကစ (၂၆)ဦးထက်မနည်း သေဟုဆို၊ ပြည်သူ့ရဲဘော် နှစ်ဦး ကျဆုံးကြောင်း FRF ထုတ်ပြန်၊ မိုးကုတ် ဂွေးပင်ရွာ စစ်စခန်း တိုက်ခိုက်မှု စကစ (၂၆)ဦးထက်မနည်း သေဟုဆို၊ ပြည်သူ့ရဲဘော် နှစ်ဦး ကျဆုံးကြောင်း FRF ထုတ်ပြန်၊ Reviewed by THITHTOOLWIN on 21:07 Rating: 5

No comments:

Powered by Blogger.