ချင်းပြည်နယ် မတူပီ-မင်းတပ် လမ်းရှိ မိုင်တိုင် ၂၀ တွင် စစ်ကောင်စီတပ်နှင့် လျင်းဒေသကာကွယ်ရေးတပ်-CDF(မင်းတပ်) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၇ ဦး မိုင်းထိ သေဆုံးခဲ့ကြောင်း မင်းတပ်မြို့ပြည်သူအုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
မတူပီမှ ပြန်ဆင်းလာသည့်အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ယနေ့(ဖေဖော်ဝါရီ ၄ ရက်) နေ့လယ် ၂ နာရီနှင့် ၃ နာရီခွဲအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးမျိုးစုံအပါအဝင် သံချပ်ကားများပါအသုံးပြု၍ အကြိမ် ၅၀ ထက်မနည်းပစ်ခဲ့သည်။ ထိုအပြင် မင်းတပ်မြို့ပေါ်ရှိ ခလရ ၂၇၄ တပ်ရင်းကလည်း မော်တာကျည်များဖြင့် ပစ်ကူပေးခဲ့ကြောင်းမင်းတပ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“စစ်တပ်ဘက်က လက်နက်ကြီး အားကိုးနဲ့ တစ်မိနစ်ကို တချက်နှုန်းပစ်နေတာ၊ မနက်ကတည်းက စစ်တပ်ဘက်က ပစ်နေတာ အခုညနေထိပဲ၊ တိုက်ပွဲကပြင်းထန်တယ်လိုပဲဆိုရမယ်”ဟု CDF(မင်းတပ်) နှင့် နီးစပ်သူတစ်ဦးကပြောသည်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦးမှာ မိုင်းထိသေဆုံးခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိခဲ့ဟုသိ့ရသည်။ လက်ရှိတွင် စစ်ကောင်စီတပ်များသည် မိုင်တိုင် ၁၈ တွင် ရှိနေဆဲဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
မတူပီမြို့မှာ ပြန်ဆင်းလာသည့် အကြမ်းစစ်ကောင်စီယာဉ်တန်းကို CDF(မင်းတပ်)က ဖေဖော်ဝါရီ ၂ ရက်နေ့ကတည်းကလိုက်လံတိုက်ခိုက်နေခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂ ရက်တွင် မတူပီမြို့မှ မိုင်တိုင် ၃၂ နှင့် မိုင် တိုင် ၃၀ တို့တွင် တိုက်ပွဲစတင်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်မှ ၆ ဦးသေဆုံးခဲ့သည်။ ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်စီမှ MA3 တစ်လက် သိမ်းမီရသည်ဟု မင်းတပ်မြို့ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ထိုပြင် ယမန့်နေ(ဖေဖော်ဝါရီ-၃ရက်)တွင် မင်းတပ်-မတူပီ လမ်းပေါ်ရှိ မိုင်တိုင် ၂၈ တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့သေးသည်။ ထိုတိုက်ပွဲတွင် ဒေသခံကာကွယ်ရေးတပ်သားတစ်ဦး ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်။
People's Spring
No comments:
Post a Comment