အရာတော် ငွေတွင်းရွာတိုက်ပွဲ ဗိုလ်မှူး အဆင့်အပါအဝင် စကစနှင့်ပျူ (၆)ဦးသေဟုဆို၊

Photo - အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး

ဖေဖော်ဝါရီ - ၂ 

စစ်ကိုင်းတိုင်း အရာတော်နယ်မြို့နယ် ငွေတွင်းကျေးရွာတွင် အထိုင်ချနေသော စကစနှင့် ပျူများ၏ စခန်းတစ်ခုကို ပြည်သူ့ကာကွယ်တပ်ရေး တပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးအဆင့် တစ်ဦးအပါအဝင် စကစနှင့်ပျူ (၆)ဦး သေကြောင်း  တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် 27 Revolution Force မြင်းခြံအဖွဲ့က MFP သို့ အတည်ပြုသည်။

"ဝင်တိုက်တာက ဇန်နဝါရီ(၃၁)ရက်ကဗျ။ စစ်ကောင်စီ တပ်ဖွဲ့ဘက်က အရာရှိနဲ့ သူတို့လူတွေ ကျည်ထိ သေတာပါ။ လက်နက်ကြီးရော၊ လက်နက်ငယ်ရောနဲ့ပါ ပစ်တာပါဗျ" ဟု 27 Revolution Force မြင်းခြံအဖွဲ့က ပြောသည်။

ဇန်နဝါရီ(၃၁)ရက် မနက်ပိုင်းတွင် မြင်းမူမြို့နယ် ပဒတ္ထိုင်းရွာကို စစ်အုပ်စုက လေကြောင်း အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ကာ အကြမ်းဖက် စီးနင်းဝင်ရောက် ပြီးနောက် ဒေသခံ အရပ်သား ပြည်သူများကို သတ်ဖြတ်ခဲ့သည်။ ထို့နောက် ညနေပိုင်းတွင် စစ်အုပ်စုက ပဒတ္ထိုင်းရွာနှင့်ကပ်လျှက်ရှိ အရာတော်မြို့နယ် မလဲသာရွာသို့ ဓားစာခံလူသားဒိုင်းများ အသုံးပြုကာ စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ပြန်သည်။

ထိုသို့ စစ်အုပ်စုက လေကြောင်းအသုံးပြုကာ ထင်တိုင်းကျဲ အကြမ်းဖက် သောင်းကျန်းနေသည့်အပေါ် လက်တုန့်ပြန်သည့် အနေဖြင့် အရာတော်မြို့နယ် အရှေ့ပိုင်း ငွေတွင်း၌ အထိုင်ချနေသော စကစနှင့်ပျူများ၏ စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ် မဟာမိတ်ညီနောင် (၅)ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ငွေတွင်းရွာ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များ ပစ်ခတ်သဖြင့် ဗိုလ်မှူးအဆင့် အပါအဝင် စကစ လက်နက်ကိုင် လေးဦးနှင့် ပျူ နှစ်ဦး၊ စုစုပေါင်း (၆)ဦး သေသည်ဟု ဆိုသည်။ ငွေတွင်းကျေးရွာ တိုက်ပွဲတွင် သေသည့် ဗိုလ်မှူးအဆင့် စကစ လက်နက်ကိုင်သည် ငွေတွင်းကျေးရွာနှင့် အရာတော် အရှေ့ပိုင်းနယ်တွင် အမြတ်စား အခွန်ကောက်နေသူ ဖြစ်သည်ဟု ဆိုသည်။

ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်မှ တော်လှန်ရေး ရဲဘော်များ အထိအခိုက် အကျအဆုံး မရှိဟု ဆိုသည်။

စစ်အုပ်စုသည် လက်ရှိအချိန်ထိ  မြင်းမူမြို့နယ် ပဒတ္ထိုင်းရွာတွင် ရှိနေဆဲဖြစ်ပြီး ထင်တိုင်းကျဲ သတ်ဖြတ်ခြင်း၊ မွှေနှောက်လုယက် ခိုးယူခြင်းများ ကျူးလွန်နေဆဲဟု ထွက်ပြေးနေရသူ ဒေသခံများက ပြောသည်။ စစ်အုပ်စုက ပဒတ္ထိုင်းရွာမှ ဒေသခံ (၂၀)ခန့်ကို သတ်ဖြတ်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အသေးစိတ် အတည်မပြုနိုင်သေးဟု ဒေသခံများက ဆိုသည်။


Mandalay Free Press - MFP

အရာတော် ငွေတွင်းရွာတိုက်ပွဲ ဗိုလ်မှူး အဆင့်အပါအဝင် စကစနှင့်ပျူ (၆)ဦးသေဟုဆို၊ အရာတော် ငွေတွင်းရွာတိုက်ပွဲ ဗိုလ်မှူး အဆင့်အပါအဝင် စကစနှင့်ပျူ (၆)ဦးသေဟုဆို၊ Reviewed by THITHTOOLWIN on 20:44 Rating: 5

No comments:

Powered by Blogger.