တနိုင်း - ဖေဖော်ဝါရီ ၈ ၊ ၂၀၂၂။
တနိုင်းမြို့နယ် နမ်ကောမ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ဖေဖော်ဝါရီ ၆ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
ကေအိုင်အေ တပ်ရင်း ၁၄ နယ်မြေ နမ်ကောမ်ကျေးရွာရှိ တပ်စခန်းကို ၂၀၁၈ ခုနှစ်တွင် စစ်ကောင်စီက သိမ်းပိုက်ခဲ့ရာမှ ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ကချင်လွတ်မြောက်ရေးတပ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က The 74 Media ကိုပြောသည်။
“နမ်ကောမ် စခန်းကို သိမ်းလို့ရပြီလို့တော့ ပြောတယ်။ နမ်ကောမ်ဆိုတာက ၂၀၁၈ ခုနှစ်မှာ ကေအိုင်အေ တပ်ရင်း ၁၄ က နေရာကို စစ်ကောင်စီက လာတိုက်ခဲ့တာ။ အခု အဲ့ဒီ တပ်စခန်းကို သွားသိမ်းတာ ဟုတ်တယ်။ ဒါကြောင့် ကျွန်တော်တို့ သွားသိမ်းတာ ဟုတ်တယ်။ ဒါပေမယ့် အခုချိန်ထိတော့ တရားဝင် နမ်ကောမ်တပ်ကို သွားသိမ်းပြီ ဆိုတာပဲ သိသေးတယ်။” ဟုသူကပြောသည်။
စခန်းသိမ်းခြင်းနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို မသိရှိရသေးကြောင်း သူကဆက်ပြောသည်။
“တိုက်ပွဲဖြစ်တဲ့အချိန်မှာဘဲ သိမ်းလိုက်တယ်လို့ကြားတယ်။ ထိုင်နေပြီးလား ပြန်ပြီးတော့ တပ်စခန်းဖျက်ပြီး ထွက်သွားပြီလား မသိရသေးဘူး။ ဖုန်းလည်းမဆက်ဘူး။ အကြောင်းမပြန်ဘူး။ အင်အားဘယ်လောက်ရှိတဲ့တပ် ဆိုတာလည်း မသိရသေးဘူး။ သူတို့နဲ့ အဆက်သွယ်လည်းမရသေးဘူး။” ဟုပြောသည်။
တနိုင်းမြို့နယ်တွင် နမ်ကောမ်ကျေးရွာအပြင် နမ်ခမ်ကျေးရွာရှိ တပ်စခန်းတွင်လည်း ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ဆက်လက်ဖြစ်နေကြောင်း သိရသည်။
The 74 Media
No comments:
Post a Comment