ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
သထုံခရိုင် ဘီးလင်းမြို့နယ်တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တစ်ရက်တည်း ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA (တပ်မဟာ ၁) နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၅ ဦးကျဆုံးခဲ့သည်ဟု KNU ဘက်က ပြောသည်။
ဘီလင်းမြို့နယ် နတ်ကြီးကျေးရွာဘက်မှ ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နတ်ကြီးနှင့် မယ်ပလိရွာကြား၌ နံနက် ၉ နာရီတွင် တစ်ကြိမ်၊ ၁၀ နာရီခွဲခန့်တွင် တစ်ကြိမ် နယ်မြေခံ KNLA တပ်ဖွဲ့က စောင့်ကြိုပစ်ခတ်ခဲ့သည်ဟု KNU သထုံခရိုင် ဥက္ကဌ ပဒိုစောစိုးမြင့်က ပြောသည်။
ပဒိုစောစိုးမြင့်က “ဒဏ်ရာရတဲ့ စစ်သားတွေကို သူတို့ ပြန်လာပို့တဲ့အချိန်မှာ တိုက်ပွဲဖြစ်တာ။ အခု တပ်မဟာ(၁)မှာ မြို့နယ်တိုင်းမှာ စစ်တပ်ဘက်က လှုပ်ရှားမှုများလာတယ်။ သတိနဲ့ နေဖို့ကိုတော့ ကိုယ့်နယ်မြေထဲကို ပြည်သူလူထေုတွေကိုတော့ သတိပေးထားတယ်။ ကျိုက်ထိုမြို့နယ်မှာတော့ စစ်တပ်ဘက်က ပြန်ဆင်းပြီးတာနဲ့ နောက်တစ်ဖွဲ့ပြန် ထပ်ရောက်လာတယ်။ လှုပ်ရှားမှုတွေက ပုံမှန်ရှိတယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားမှုတွင် KNLA တပ်မဟာ ၁ တပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးခြင်းတစ်စုံ တစ်ရာမရှိကြောင်း ခရိုင်ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ဖြည့်စွက်ပြောဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ရက်နေ့ကလည်း KNU တပ်မဟာ(၅)ဘက်သို့ ရိက္ခာသွားရောက်ပို့ဆောင်ပြီး ကမမောင်းဘက်မှ ပြန်ဆင်းလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ဖားအံမြို့နယ်အရောက်တွင် နယ်မြေခံ KNLA တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ကား (၄)စီး ထိခိုက်ပျက်စီးခဲ့သေးသည်ဟု သထုံခရိုင်ဥက္ကဌက ပြောသည်။
၎င်းအပြင် ယခုလ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀ရက်နေ့အထိ သထုံခရိုင် ကျိုက်ထိုနှင့်ဘီးလင်းမြို့နယ်တွင် နယ်ခြား စောင့်တပ် -BGF(၁၀၁၄) နှင့် စစ်ကောင်စီတပ်တို့သည် လူထုများနေထိုင်သည့် ကျေးရွာနှင့် လုပ်ကိုင်စား သောက်သည့် နေရာများသို့ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုလုပ်ဆောင်သည့်အတွက် ဒေသခံ(၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ဗဟိုစည်းရုံးရေးနှင့် ပြန်ကြားရေးဌာနက ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ နယ်မြေအတွင်း လှုပ်ရှားနေသည့် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင်များသည် ဒေသခံ လူထုများအား ခြိမ်းခြောက်ကာ အတင်းအဓမ္မ ငွေတောင်းယူမှုများ၊ စားစရာများသိမ်းယူမှုများနှင့် အတင်းအဓမ္မလုပ်အားခိုင်းစေမှု များ စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်နေကြောင်းလည်း KNU ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Karen Information Center -KIC
No comments:
Post a Comment