မင်းကင်း မောက်တက်နှင့် မုဿာရွာ အိမ်ခြေ(၃၀၀)ကျော်ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး၊ တန့်ဆည်နယ် ရွာ(၄)ရွာကိုလည်း (၉)ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး
မင်းကင်းနယ် မောက်တက်နှင့် မုဿာရွာရှိ နေအိမ်အလုံး (၃၀၀)ကျော်ကို အကြမ်းဖက် စစ်အုပ်စုက မီးရှို့ဖျက်ဆီးစဉ်/ Photo - CJ |
ဖေဖေါ်ဝါရီ - ၁၁
စစ်ကိုင်းတိုင်း အထက်ပိုင်း မင်းကင်းမြို့နယ် မောက်တက်နှင့် မုဿာရွာရှိ နေအိမ် (၃၀၀)ကျော်ကို အကြမ်းစစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
အကြမ်းဖက် စစ်အုပ်စုသည် ဖေဖေါ်ဝါရီ(၁၀)ရက် မနက်ပိုင်းမှ စတင်ကာ မင်းကင်းမြို့နယ် မောက်တက်နှင့် မုဿာရွာသို့ စီးနင်းဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း ဖြစ်ပြီး ဘုန်းကြီးကျောင်းပါမကျန် ကျေးရွာနှစ်ရွာလုံးကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးသွားခြင်းဟု ဆိုသည်။
အကြမ်းဖက် စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးမှုကြောင့် မုဿာကျေးရွာတွင် အိမ်ခြေ(၂၀၀)ကျော်နှင့် မောက်တက်ကျေးရွာတွင် ဘုန်းကြီးကျောင်း အပါအဝင် အိမ်ခြေ(၁၂၀)ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ရွာသူရွာသားများ စောစီးစွာ ရှောင်တိမ်းလိုက်နိုင်သဖြင့် အသေအပျောက် မရှိ” ဟု မင်းကင်းနွေဦး တော်လှန်ရေးက ဖော်ပြသည်။
အဆိုပါ မောက်တက်နှင့် မိဿာရွာကို မီးရှို့ဖျက်ဆီးသူများသည် ပြီးခဲ့သည့် ရက်ပိုင်းက ချင်းတွင်းမြစ်ဘေး ဘင်ရွာနှင့် အုန္နဲဘုတ်ရွာများကို မီးရှို့ဖျက်ဆီးခဲ့သူများပင် ဖြစ်ကြောင်း၊ ၄င်းအကြမ်းဖက် အုပ်စုကို စကစများက ဦဆောင်ပြီး မင်းကင်းနယ် ပန်းဆက်၊ တောင်ဖြူနှင့် ကျောက်ခဲတက်ရွာများရှိ စကစ လက်သပ်မွေးထားသော ပျူများဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် အကြမ်းဖက် စစ်အုပ်စုသည် ယနေ့ မနက်ပိုင်းတွင် တန့်ဆည်မြို့နယ် ခရုတောရွာသို့လည်း စီးနင်းဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။
အကြမ်းဖက် စစ်အုပ်စုသည် တန်ဆည်နယ်အတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသတ်၊ ဓားပြတိုက်၊ နေအိမ်မီးရှို့ခြင်းများ လုပ်ဆောင်နေပြီး ဖေဖေါ်ဝါရီ(၃)ရက်မှ စတင်ကာ တန့်ဆည်နယ် ပုတီးရွာ၊ ထန်းကုန်းကြီးရွာ၊ ပေချာင်ရွာနှင့် ခရုတောရွာများအား မီးရှို့ခြင်း ဖြစ်သည်။
အာဏာသိမ်းပြီးနောက် တန့်ဆည်မြို့နယ်အတွင်း စစ်ခွေး၊ ရဲခွေးနှင့် ပျူစောထီးများ၏ မီးရှို့ ဖျက်ဆီးမှုကြောင့် ကျေးရွာ (၉)ရွာမှ နေအိမ်အလုံး (၁၅၀)ခန့် မီးလောင်ပြာကျခဲ့ပြီး ကျေးရွာ (၇)ရွာမှ အိမ်ခြေ(၂၅၀)ခန့် ရိုက်ချိုးဖျက်ဆီးခံခဲ့ရကြောင်း၊ ထို့အပြင် တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖျက်ဆီး၊ ခိုးယူခံရမှုကြောင့် ဒေသခံပြည်သူများ ပိုင်ဆိုင်သော ရွှေ၊ငွေ၊ ကျွဲ၊ နွားစသည့် တန်ဘိုးကြီး ပစ္စည်းများ ဆုံးရှုံးမှု ကျပ်သိန်း (၄၀,၀၀၀) ကျော် ရှိကြောင်း Taze News က ထုတ်ပြန်ထားသည်။
Mandalay Free Press - MFP
No comments:
Post a Comment