ဓာတ်ပုံ- မိုင်းထိသေဆုံးသည့် ရိုဟင်ဂျာ အမျိုးသား |
ရခိုင်၊ ဖေဖော်ဝါရီ ၉
အကြမ်းဖက်စစ်ကောင်စီတပ်၏ လူသားဒိုင်းအဖြစ် အသုံးပြုခံခဲ့ရသည့် ရခိုင်အမျိုးသမီးတစ်ဦးနှင့် ရိုဟင်ဂျာအမျိုးသားတစ်ဦး တို့သည့် ဖေဖော်ဝါရီလ (၇) ရက်နေ့တိုက်ပွဲ၌ မိုင်းထိသေဆုံးခဲ့ကြောင်း ရိုဟင်ဂျာလွတ်မြောက်ရေးညွှန့်ပေါင်းအဖွဲ့ တွဲဖက်တည်ထောင်သူ ရိုနေဆန်းလွင်က လူငယ့်ခေတ်သို့ပြောသည်။
“တနင်္လာနေ့ (ဖေဖော်ဝါရီ ၇ရက်) က သေဆုံးသွားတဲ့ပြည်သူနှစ်ယောက်က ရိုဟင်ဂျာနဲ့ရခိုင်အမျိုးသမီးတို့ရဲ့ ကားကို စစ်တပ် (အကြမ်းဖက်စစ်ကောင်စီ)တပ်က ပေါ်တာဆွဲတယ်။ လူသားဒိုင်းအဖြစ်အသုံးပြုတဲ့ အဲဒီကား မိုင်းဆွဲခံရတယ်။ မိုင်းဆွဲခံရရင်း သေဆုံးသွားတာပါ” ဟု ရိုနေဆန်းလွင်ကပြောသည်။
သေဆုံးသွားသည့် ရိုဟင်ဂျာအမျိုးသားသည် အသက် ၂၅ နှစ်ရှိ ယာဉ်မောင်းဖြစ်ပြီး ရခိုင်အမျိုးသမီးမှာ အသက် ၄၀ နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါသေဆုံးသူ(ရခိုင်အမျိုးသမီး)၏ ကားကို အကြမ်းဖက်စစ်ကောင်စီမှ ပေါ်တာဆွဲခဲ့ပြီး ဖေဖော်ဝါရီ (၇) ရက်နေ့ညက မောင်တောမြို့နယ်အနီး ဖားဝပ်ချောင်းရွာ နှင့်ငန်းချောင်းရွာအကြား မောင်တောမြောက်ပိုင်းသို့ဆက်သွယ်ထားသည့် ကားလမ်း မပေါ်၌ AA က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မောင်တောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားရန် အကြမ်းဖက်စစ်ကောင်စီမှ စတင်ခဲ့ခြင်းဖြစ်ပြီး မောင်တောမြို့နယ်ကို ရွေးချယ်ပြီး အကြမ်းဖက်စစ်ကောင်စီမှ စတင်တိုက်ခိုက်ခြင်းမှာ ရိုဟင်ဂျာများသည့်နေရာကို ရွေးပြီး တိုက်ခိုက်ခြင်းဖြစ်သည်ဟု သံသယ ရှိကြောင်း ရိုနေဆန်းလွင်ကပြောသည်။
ထိုသို့မိုင်းဆွဲတိုက်ခိုက်သည့် ကိစ္စနှင့် ပတ်သက်၍ AA ၏ ပြောခွင့်ရသူ ခိုင်သုခ အား လူငယ့်ခေတ်မှ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။
အကြမ်းဖက်စစ်ကောင်စီတပ်သည် တိုက်ပွဲများတွင် အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြု လုပ်ဆောင်နေမှုများ ရှိနေကြောင်း သိရသည်။
Lu Nge Khit
No comments:
Post a Comment