သထုံတွင် စစ်ကောင်စီတပ်များ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ကျေးရွာများပေါ်ကျပြီး အရပ်သား သေဆုံးမှုရှိ
ဖေဖော်ဝါရီလ ၄ ရက်၊ ၂၀၂၂ ခုနှစ်။
မွန်ပြည်နယ် သထုံမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ကျေးရွာများအတွင်းကျရောက်ပြီး အရပ်သား ပြည်သူများလည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
သထုံမြို့နယ် ဝီယော်ရွာမှ ထုံးဘိုလေးရွာဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နယ်ကျော်ဝင်ရောက်
လာသည့်အတွက် KNU တပ်မဟာ (၁) တပ်ရင်း (၂) နှင့် TPG ပြည်သူ့ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၅ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
" ကျွန်တော်တို့ဘက်ကလည်းမိုင်းဆွဲဖို့အဆင်သင့်ရှိနေတော့ သူတို့နယ်မြေကျော်လာတာနဲ့ မိုင်းဆွဲလိုက်တာ သူတို့ဘက်က ၃ ကောင်သေသွားတယ် ''ဟု KNU တပ်ဖွဲ့တစ်ဦးက သံလွင်ခက်ကိုပြောသည်။
အလားတူ ကေအဲန်ယူ တပ်မဟာ ၁ နယ်မြေအတွင်းရှိ ဘီးလင်းမြို့အဝင် တောင်ကလေး ဟိုင်းဝေးလမ်းပေါ်တွင်လည်း စစ်ကောင်တပ်ယာဥ်တန်းကို နေ့လည် ၁နာရီကျော်အချိန်၌ ဒေသခံပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
မိုင်းဆွဲ ထပ်မံတိုက်ခိုက်ခဲ့ရာ၌လည်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများခဲ့ကြောင်းသိရသည်။
ထိုကြောင့် အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှုများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် အချက် ၂၀ ကျော်ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့သည်။
" စကစ တွေက သူတို့လူတွေထိသွားတော့ လက်နက်ကြီးတွေနဲ့ပြန်ပစ်တာ မိချောင်းအိုင်၊ ရွှေကြည်၊ နောင်ကတုတ်၊ ဖာပိန်၊ ချောပိ၊ ထုံးဘိုကြီး အဲ့ရွာတွေဘက် လက်နက်ကြီးကျတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်သောကြောင့် မိချောင်းအို ရွာရှိ ရွာသားနှစ်ဦး သေဆုံးသွားကြောင်း သိရသည်။
အရပ်သားပြည်သူများသေဆုံးခဲ့သည်အထိ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ယမန်နေ့ည ၆ နာရီခန့်တွင် KNU တပ်မဟာ (၁) တပ်ရင်း (၂) တပ်ဖွဲ့ဝင်များသည် သိမ်ဆိပ် လေးကေလမ်း ရှိ ပိန္နဲတောစစ်ကောင်စီတပ်စခန်းအား RPG 40mm နှင့် အချက်နှစ်ဆယ်ကျော်သွားရောက်ပစ်ခတ်ခဲ့သည်။
အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်အကျဆုံးမသိရသေး ။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်လည်း ပိန္နဲတော စခန်းမှ 120mm နှင့် ရွာများဘက်သို့ တရစပ် ပြန်လည်ပြစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုပိန္နဲတော စခန်းမှ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကေအဲန်ယူတပ်ဖွဲ့ဝင်များ နှင့် အရပ်သားပြည်သူများ ထိခိုက်မှု မရှိခဲ့ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သထုံမြို့နယ်အတွင်းရှိ ထုံးဘိုလေးဘုန်းကြီးကျောင်းတွင် အင်အား ၅၀ ဝန်းကျင်ဖြင့်တပ်စွဲထားကြောင်း သိရသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment