ညောင်ပင်ဝန်းရွာနေ ၁၂မီး ခေါ် ထွန်းနိုင် ဆိုသူ အသုံးပြုသော ဖေ့စ်ဘွတ်ခ်အကောင့်/ Photo - ပေးပို့ |
ဖေဖေါ်ဝါရီ - ၁၃
စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာနေ စစ်ကောင်စီ သတင်းပေးဒလန်အဖြစ် နာမည်ကြီးသော “၁၂မီးထွန်းနိုင်” ဆိုသူ ယနေ့ ဖေဖေါ်ဝါရီ(၁၃)ရက် မနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။
အဆိုပါ ၁၂မီး ခေါ် ထွန်းနိုင် ဆိုသူသည် စစ်အုပ်စုနှင့် ပူးပေါင်းကာ ဒေသခံများကို ဒုက္ခပေးနေသူဖြစ်ကြောင်းနှင့် ယနေ့ မနက်ပိုင်းတွင် ညောင်ပင်ဝန်းကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရကာ ပွဲချင်းပြီး သေသည်ဟု ဒေသခံများက ဆိုသည်။
“သူ့အိမ်နဲ့လည်း သိပ်မဝေးဘူး။ လက်ဖက်ရည်ဆိုင်ရှေ့မှာ ဝင်ပစ်သွားတာ။ လူကြားထဲကို ဝင်ပစ်တာလို့ ကြားတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
မန္တလေး - မုံရွာ ကားလမ်းပေါ်ရှိ ညောင်ပင်ဝန်းကျေးရွာ၌ စစ်အုပ်စု အထိုင်ချနေလေ့ရှိပြီး ဒေသခံများကို ဖမ်းဆီးရန်ပြုလေ့ရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ညောင်ပင်ဝန်းကျေးရွာနေ (၈)တန်းကျောင်းသား တစ်ဦး အပါအဝင် ညီအကို သုံးဦးကို စစ်အုပ်စုက လမ်းပြအဖြစ် ဖမ်းခေါ်သွားပြီးနောက် သတ်ဖြတ်ခဲ့သည်။
လက်ရှိတွင် စစ်အုပ်စုက ညောင်ပင်ဝန်းရွာ အပါအဝင် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာအများအပြားသို့ စီးနင်းဝင်ရောက်ကာ လူသတ်၊ ဓားပြတိုက်လုယက်၊ နေအိမ်မီးရှို့ခြင်းများ ကျူးလွန်လျှက် ရှိသည်။
Mandalay Free Press - MFP
No comments:
Post a Comment