ရွှေဘို - ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၂ ။
စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ ကျေးရွာတစ်ရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ပြီးနောက် ကျေးရွာအတွင်း ဝင်ရောက်လာကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် အမျိုးသမီးတစ်ဦးနှင့် သက်ကြီးရွယ်အိုအချို့ သေဆုံးသွားကြောင်း သိရသည်။
နှမစားရစ်ကျေးရွာကို စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာချိန်ထွက်ပြေးနိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုအချို့လည်း သေဆုံးခဲ့ကြောင်း ယုံကြည်ထိုက်သည့် ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။
“လက်နက်ကြီးပစ်ပြီး တစ်ခါထဲ ဝင်စီးပြီး မီးတန်းရှို့တာဆိုတော့ အိမ်ခြေ ၆၀၀ ကျော်ကို တစ်ဝက်ကျော်လောက် မီးထဲပါသွားပြီ။ ရွာမှာ ကျန်ခဲ့တဲ့ လူပြောတာကတော့ မီးလောင်ပြီး သက်ကြီးရွယ်အိုတွေ အသက်ဆုံးရှုံးတာတော့ ကြားရတယ်”ဟုပြောသည်။
စစ်ကောင်စီ စစ်ကြောင်းသည် ကျေးရွာအတွင်းသို့ မဝင်ရောက်မှီ လက်နက်ကြီးဖြင့် ပစ်ခတ်ချိန်တွင် အသက် ၃၀ အရွယ် မရင်စန်းအေးဟုဆိုသူ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သူကပြောသည်။
မီးရှို့ခံခဲ့ရသော နှမစားရစ်ကျေးရွာတွင် သက်ကြီးရွယ်အို မည်မျှသေဆုံးသွားသည်ကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
လက်ရှိအချိန်တွင် နှမစားရစ်ဒေသခံပြည်သူများသည် အနီးအနားရှိ ဆွေမျိုးအိမ်များနှင့် မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
စစ်ကောင်စီ စစ်ကြောင်း မီးရှို့ခဲ့သော နှမစားရစ်ကျေးရွာသည် ရွှေဘိုမြို့နယ်အတွင်းတည်ရှိပြီး အိမ်ခြေ ၆၀၀ကျော် လူဦးရေ ၂၀၀၀ကျော် နေထိုင်သော ကျေးရွာတစ်ခုဖြစ်သည်။
နှမစားရစ်ကျေးရွာနှင့် မိုင်၂၀ ဝေးကွာသော ရွှေဘိုမြို့နယ်၊ ငါးပိအိုကျေးရွာနှင့် ဂွေးပင်ကုန်းကျေးရွာရှိ ပြည်သူများ၏ နေအိမ်များကိုလည်း ယမန်နေ့က စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့သည်။
The 74 Media
No comments:
Post a Comment