မန္တလေး ကျုံးဘေးတွင် ပေါက်ကွဲမှုဖြစ် ၊ စက်ဘီးပြိုင်ပွဲကို လာရောက် အားပေးရသော စကစ လက်နက်ကိုင်တစ်ဦး ဇနီး အသေးစားဒဏ်ရာ
Silent Strike ပျက်ပြယ်စေရန် စစ်အုပ်စုက ပြုလုပ်သည့် စက်ဘီးပြိုင်ပွဲ/ Photo - စကစ |
ဖေဖေါ်ဝါရီ - ၁
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကျုံးဘေး (၆၆)လမ်းပေါ်တွင် ယနေ့ ညနေ(၃)နာရီဝန်းကျင်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး မန္တလေး နန်းတွင်းနေ စကစ လက်နက်ကိုင်တစ်ဦး၏ ဇနီးသည်တစ်ဦး အသေးစား ဒဏ်ရာရကြောင်း စစ်အုပ်စုက သတင်းထုတ်ပြန်သည်။
ယနေ့ ဖေဖေါ်ဝါရီ(၁)ရက် ညနေ(၃)နာရီခန့်က အောင်မြေသာစံမြို့နယ်၊ ကျုံးဘေးပလက်ဖောင်း၊ (၆၆)လမ်းနှင့် (၂၂)လမ်းအနီးတွင် စစ်အုပ်စုက စက်ဘီးပြိုင်ပွဲ ပြုလုပ်နေစဉ်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။
ထိုသို့ ကျုံးဘေး ပလက်ဖောင်းတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် စက်ဘီးစီးပြိုင်ပွဲကို လာရောက် အားပေးနေရသော မန္တလေး နန်းတွင်းတပ်ထဲနေ ဒုတပ်ကြပ် အဆင့်ရှိ စကစ လက်နက်ကိုင်၏ ဇနီးသည်ဖြစ်သူတွင် ပေါင်နှစ်ဖက်နှင့် လက်ဖနောင့်တွင် မိုင်းစထိမှန်ကာ အသေးစား ဒဏ်ရာ ရရှိသည်ဟု စစ်ကောင်စီ ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက MFP သို့ ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။
စစ်ကောင်စီက ၄င်းတို့ကို ဆန့်ကျင်ဆန္ဒပြသည့် အနေဖြင့် ပြည်သူအများအပြား ပါဝင်ဆင်နွှဲသော Silent Strike တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ် အစီအစဉ် ပျက်ပြယ်စေရန်အတွက် ဥပဒေမဲ့ အကြမ်းဖက် ဖမ်းဆီးဖိနှိပ်ခြင်းများအပြင် ချော့လုံး၊ ခြောက်လုံးများဖြင့် နည်းမျိုးစုံသုံးကာ ကြိုးပမ်းခဲ့သည်။
အထက်ပါ စက်ဘီးပြိုင်ပွဲ ပြုလုပ်ရာနေရာတွင် ပေါက်ကွဲမှု ဖြစ်ပွားသည်ဆိုသော သတင်းကြောင့် စစ်အုပ်စု၏ စက်ဘီးပြိုင်ပွဲအပေါ် လူပြောများလာနိုင်သလို စစ်အာဏာရှင် တော်လှန်ရေး မြို့ပြပြောက်ကျား ရဲဘော်များကိုလည်း အကြမ်းဖက်အဖြစ် ပိုမိုတံဆိပ်ကပ်ခွင့် ရရှိမည်ဖြစ်ကြောင်း မန္တလေးမြို့ခံ တစ်ဦးက သုံးသပ်သည်။
Mandalay Free Press - MFP
No comments:
Post a Comment