စစ်ကိုင်းနှင့်မကွေးတွင် အောင်မြင်မှုမရခဲ့သည့် ဒု-ဗိုလ် ချုပ်ကြီး သန်းလှိုင် ကစထ( ၆ )မှူး တာဝန်မှရုတ်သိမ်းခံရ
ဖေဖော်ဝါရီ ၁၅ ရက်
စစ်ကောင်စီ၏ပြည်ထဲရေးဒု-ဝန်ကြီး၊ရဲချုပ်၊(ကစထ - ၆) ကစထမှူး တာဝန် ၃ ခုရယူထားသော ကြည်း-၂၀၇၀၁ ဒု- ဗိုလ်ချုပ်ကြီး သန်းလှိုင်အား ၄င်း၏တာဝန်များထဲမှ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အမှတ်(၆)စစ်ဆင် ရေးအထူးဖွဲ့မှူး(ကစထ-၆ မှူး) တာဝန်အား ပြောင်းလဲခန့်အပ်လိုက်ကြောင်း နေပြည်တော်စစ်ရုံးအသိုင်းအဝိုင်းထံကသိရသည်။
အဆိုပါ ကစထ-၆မှူး တာဝန်အား စစ်ကောင်စီ၏ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ကြည်း-၁၇၄၃၂ ဒု- ဗိုလ် ချုပ်ကြီး သန်းထွန်းဦး ကိုအစားထိုးခန့်အပ်ခဲ့ကြောင်း သိရပြီး ဖေဖော်ဝါရီလဆန်းပိုင်းကစ၍ ကစထ-၆ ကိုတာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။
'' ဗိုလ်ချုပ်ကြီး သန်းထွန်းဦး က ကစထ-၆ မှူးအဖြစ်နဲ့ ရုံး တက်နေတာခုလဆန်းပိုင်းလောက်ထဲကဘဲ။ ဗိုလ်ချုပ်ကြီး သန်းလှိုင်က ရဲချုပ်နဲ့ ဒု-ဝန်ကြီး ၂ ခုဘဲ ဆက်ကိုင်မှာပေါ့။ ဘာလို့ချိန်းလဲတော့ ကျနော်တို့လည်း မသိဘူး'' ဟု နေပြည်တော်စစ်ရုံးအတွင်းက အမည်မဖော်လိုသူစစ်ဘက်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြော သည်။
ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်သည် စစ်အာဏာသိမ်းခေါင်း ဆောင်၏ ယုံကြည်စိတ်ချရသူတဦးဖြစ်၍ ယင်းကဲ့သို့အရေးကြီးတာဝန်များပေးအပ်ထားခြင်း ဖြစ်ပြီး စစ် ကိုင်းတိုင်းနှင့်မကွေးတိုင်း အတွင်း PDFနှိမ်နင်းရေးအတွက် အလောင်း မင်းတရားအထူးစစ်ဆင်ရေး တာ ဝန်ခံအဖြစ်လည်း တာဝန်ပေးအပ်ခြင်းခံရသူလည်း ဖြစ်သည်။
'' သူ့ကိုစစ်ကိုင်းနဲ့မကွေး တိုင်းမှာ အလောင်းမင်းတရားစစ်ဆင်ရေးဆင်နွှဲခိုင်းပြီးတော့သိပ်ပြီးမအောင်မြင်လို့ နမခတိုင်း မှူးဖြိုးသန့်နဲ့ သူ့ကိုအတွဲလိုက်ချိန်းတာလည်းဖြစ်နိုင်တယ် ။ ဒါမှမဟုတ်သူ့မှာ တာဝန် ၃ ခုလောက်ဖြစ်နေလို့ တအားများနေမှာစိုးလို့ စစ်ဘက်တာဝန်ကို တခြား ဒု- ဗိုလ်ချုပ်ကြီး တဦးကိုတာဝန်ပေးလိုက်တာလည်းဖြစ်နိုင်တယ်။ သေချာတာကတော့ စစ်ကိုင်းတိုင်းနဲ့မကွေး မှာသူလည်း ထင်သလောက် တိုးမပေါက်ဘူး'' ဟု တပ်မတော်သားအရာရှိဟောင်း တဦးကသုံးသပ်ပြောဆိုသည်။
ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်သည် ၄င်းစီးနင်းလာသည့် ယာဥ်တန်း စစ်ကိုင်းတိုင်းအတွင်းမိုင်းဆွဲခံခဲ့ရပြီး ၄င်း၏ ပိကတ်ဦးထုပ်ကျကျန်ခဲ့သည့်အပေါ် စစ်ကိုင်းပြောက် ကျားတပ်ဖွဲ့က အဆိုပါဦးထုပ်အား ပြန်လာယူရန် အွန်လိုင်းကတဆင့် ဒု- ဗိုလ်ချုပ်ကြီးသန်းလှိုင်ထံ စာပေးပို့သည့်သတင်းများလည်း ဇန်နဝါရီလအတွင်းထွက်ပေါ်ခဲ့သည်။
စစ်ကောင်စီ၏ စစ်ဆင်ရေးအထူးအဖွဲ့မှူး တာဝန်သည် ဒု-ဗိုလ်ချုပ်ကြီးအဆင့်က တာဝန်ယူ၍ တိုင်းစစ်ဌာနချုပ်များကိုကွပ်ကဲရခြင်းဖြစ်ပြီး အဆိုပါ အမှတ် (၆)စစ်ဆင် ရေးအထူးအဖွဲ့၏လက်အောက်တွင် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာန ချုပ်(နမခ)နှင့် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) စစ်တိုင်း ၂ တိုင်းပါဝင်ပြီး ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း (မြောက်ပိုင်း)တို့ကို စီမံကွပ်ကဲရကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံက သိရသည်။
Ayeyarwaddy Times
No comments:
Post a Comment